Border News Agency
အမရပူရ၊ ဩဂုတ် ၃၀။
မန္တလေးတိုင်း၊အမရပူရမြို့နယ်နဲ့ စဉ့်ကိုင်မြို့နယ်မှာ ငွေကျပ်သိန်း ၉၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သြဂုတ်လ ၂၉ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ အမရပူရမြို့နယ်၊ကျင်တန်းရပ်ကွက်နေကျော်စိုးနဲ့ မသန္တာဦးတို့ရဲ့နေအိမ်ကို ဩဂုတ်လ ၂၆ ရက်၊ညပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တာပါ။
သူတို့နေအိမ်အတွင်းမှ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀,၀၀၀ ပြားနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီအပြင် မနွယ်နွယ်ထွန်းကို ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၄,၀၀၀ ပြား၊ မော်တော်ဆိုင်ကယ် ၁ စီးနဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
နောက်ပြီးစဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ သူ့ရဲ့နေအိမ်မှငွေကျပ်သိန်း ၄၄၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၂,၀၀၀ ပြားကိုလည်း ထပ်ပြီးသိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့အားလုံးကို သက်ဆိုင်ရာရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပါတယ်။






