Border News Agency
အိုက်ဇော၊ စက်တင်ဘာ ၄။
အိန္ဒိယနိုင်ငံ၊ မိဇိုရမ်ပြည်နယ်၊ ဆားချစ်ခရိုင်မှာ ကာလတန်ဖိုးအိန္ဒိယရူပီး တဆယ့်တကုဋေကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသားတဦးကိုရဲတပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရို (NCB) တို့ ပူးပေါင်းဖမ်းဆီးရမိခဲ့တယ်လို့ မီဇိုရမ်ရဲတပ်ဖွဲ့ကစက်တင်ဘာ လ ၃ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အဲဒီတွီးချောင်းတံတားအနီးမှာ စက်တင်ဘာလ ၂ ရက်နေ့ကသတင်းအရ စောင့်ကြည့်စစ်ဆေးချိန်မူးယစ်ဆေးဝါးတွေကိုလက်ဝယ်တွေ့ရှိကာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူဟာ ချင်းပြည်၊ ဖလန်းမြို့မှအသက်နှစ်ဆယ့်ကိုးနှစ်အရွယ် လာလ်ပန်လီယားနဖြစ်ပါတယ်။
သူ့ဆီမှအလေးချိန် တဆယ့်လေးဒသမနှစ်ဆယ့်ခြောက်ကီလိုဂရမ်ရှိ မက်သဖက်တမင်းစိတ်ကြွဆေးပြား တဆယ့်ငါးထုပ် (ဆေးပြားအရေအတွက်တသိန်းငါး သောင်းခန့်) ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေရဲ့ကာလတန်ဖိုးမှာ အိန္ဒိယရူပီးတဆယ့်တဒသမလေးရာရှစ်ကုဋေခန့်ရှိပြီး ပါဝင်ပတ်သက်သူတွေကိုဖော်ထုတ်နိုင်ရေးအတွက် ဆားချစ်ရဲတပ်ဖွဲ့နဲ့NCB တို့ကဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။










