Border News Agency
မြောက်ဦး၊ စက်တင်ဘာ ၁၀။
အာရက္ခပြည်စာရေးဆရာအသင်း(ဗဟို)နဲ့ သက်လူမျိုးစာပေနဲ့ ယဉ်ကျေးမှုကော်မတီတို့ဟာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မယ့် စာပေနဲ့ ယဉ်ကျေးမှုရေးရာကိစ္စရပ်တွေကို စက်တင်ဘာလ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲကို တာဝန်ရှိသူအယောက်နှစ်ဆယ်နီးပါးတက်ရောက်ခဲ့ကြပြီး သက်လူမျိုးတွေရဲ့ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ စာပေ၊ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းနိုင်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ အာရက္ခပြည်စာရေးဆရာအသင်းဥက္ကဋ္ဌက လက်ရှိတော်လှန်ရေးအစိုးရလက်ထက်မှာ မိမိတို့ရဲ့ စာပေနဲ့ သမိုင်းကြောင်းတွေကို ဖော်ထုတ်ခွင့်ရလာတာကြောင့် သက်လူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ အနုပညာတွေကို အသင်းကထုတ်ဝေနေတဲ့ အာရက္ခသွေးချင်းဂျာနယ်မှာ ထည့်သွင်းဖော်ပြပေးချင်တယ်လို့ပြောဆိုခဲ့ပါတယ်။
သက်စာပေနဲ့ ယဉ်ကျေးမှုကော်မတီဘက်ကလည်း သက်လူမျိုးစုတွေဟာ ရှေးယခင်ကတည်းက အာရက္ခပြည်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြသူတွေဖြစ်ပြီး အခုလိုစာရေးဆရာအသင်းနဲ့လက်တွဲကာ စာပေနဲ့အနုပညာကဏ္ဍတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။













