Border News Agency
အမ်း၊ စက်တင်ဘာ ၁၀။
ပျော်ဘွယ်မြို့နယ်မှာ ရှမ်းမှရခိုင်ပို့မယ့် ငွေကျပ်တဘီလီယံကျော်တန်ဖိုးရှိစိတ်ကြွဆေးပြားရှစ်သိန်းကျော်ဖမ်းမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာလ ၉ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီပျော်ဘွယ် – နတ်မောက်ကားလမ်းပေါ်မှာ စက်တင်ဘာလ ၄ ရက်နေ့က မီနီဘတ်စ်ယာဉ်တစီးကို တားဆီးရှာဖွေခဲ့ရာစိတ်ကြွဆေးပြား ရှစ်သိန်းခြောက်သောင်းကျော်ကို သိမ်းဆည်းရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းဝယ်နေသူတွေကို ကွင်းဆက်ဖော်ထုတ်ချက်တွေအရ မန္တလေး – ရန်ကုန်အမြန်လမ်းနဲ့ မိတ္ထီလာ၊ ရမည်းသင်း၊ ပြည်မြို့နယ်မှာ ဆက်ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစိတ်ကြွဆေးပြားတွေကို ရှမ်းပြည်(တောင်ပိုင်း) ကလောမြို့နယ်မှတဆင့် ရမည်းသင်း၊ အောင်လံနဲ့ ရခိုင်ပြည်၊အမ်းမြို့နယ်သို့ အဆင့်ဆင့်သယ်ဆောင်ကာ မောင်တောမှတဆင့် တဖက်နိုင်ငံသို့ ပို့ဆောင်ဖို့စီစဉ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှာ ပါဝင်သူတွေကိုမူးယစ်ဥပဒေအပြင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ ဆက်အရေးယူနေတယ်လို့ဆိုပါတယ်။








