Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၀။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို အဖွဲ့ဝင်ငါးဦးနဲ့ ပြန်ဖွဲ့စည်းလိုက်တယ်လို့ သြဂုတ်လစတုတ္ထပတ်က အမိန့်စာထုတ်ပြန်ပါတယ်။
အဲဒီအကြံပေးအဖွဲ့မှာ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုဦးဆောင်ခဲ့သူ ဦးအောင်မင်းက အဖွဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူမှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဦးသိန်းဇော်၊ ဦးအောင်နိုင်ဦး၊ ဒေါက်တာမင်းဇော်ဦးနဲ့ ဦးသက်နိုင်ပါဝင်ကြပါတယ်။
အဲဒီအကြံပေးအဖွဲ့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ ညှိနှိုင်းရေးကော်မတီအတွက် လိုအပ်တဲ့ငြိမ်းချမ်းရေးဆိုင်ရာ အကြံပြုချက်တွေကိုတင်ပြပေးရမှာဖြစ်ပါတယ်။
အဲဒီအပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ထိရောက်စွာအကောင်အထည်ဖော်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့အကြံပြုချက်တွေကို ဖော်ထုတ်ပေးဖို့လည်း တာဝန်ပေးထားပါတယ်။
အဲဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးပါဝင်လာနိုင်ရေး လေ့လာဆန်းစစ်မှုတွေပြုလုပ်ရမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
အဲဒီအကြံပေးအဖွဲ့ဝင်တွေအတွက် ချီးမြှင့်ငွေနဲ့ခံစားခွင့်တွေကိုတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဦးစီးဌာနရဲ့ ခွင့်ပြုရန်ပုံငွေကကျခံသုံးစွဲသွားမယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ငြိမ်းချမ်းရေးဖိတ်ခေါ်နေပေမယ့် တနိုင်ငံလုံးကိုပတ်ပြီး လေကြောင်းတိုက်ခိုက်ကာ အရပ်သားပြည်သူတွေကို နေ့စဥ်ရက်ဆက်သတ်ဖြတ်နေပါတယ်။






