Border News Agency
သံတွဲ၊ စက်တင်ဘာ ၁၀။
အာဏာသိမ်းစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအားထားလုပ်ဆောင်လာနေတာကြောင့် အရပ်သားတွေ အဓိကထိခိုက်နစ်နာနေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ရဲ့ အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က စက်တင်ဘာလ ၉ ရက်နေ့ကပြောပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ အာဏာသိမ်းစစ်တပ်က ပထမအကြိမ် တိုက်ခိုက်အပြီး ကယ်ဆယ်ရေးလာရောက်လုပ်ဆောင်သူတွေကို ပစ်မှတ်ထားတဲ့ နှစ်ကြိမ်ဆင့်တိုက်ခိုက်မှုနည်းလမ်းကို ပိုမိုသုံးစွဲလာတာကို တွေ့ရှိရတယ်လို့ဆိုပါတယ်။
အဲဒီအပြင်လေကြောင်းတိုက်ခိုက်မှုတွေမှာပါဝင်တဲ့ စစ်တပ်ရဲ့တပ်ဖွဲ့အများအပြားနဲ့ သူတို့အခြေစိုက်ရာ လေတပ်စခန်းတွေကိုပါ ယန္တရားအနေနဲ့ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီလို့ဆိုပါတယ်။
ရခိုင်လူမျိုးတွေအပါအဝင် အခြားသောတိုင်းရင်းသားလူမျိုးစုတွေဟာလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ခတ်မှုနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပိတ်ဆို့တားဆီးခံရမှုတွေကို ပြင်းထန်စွာရင်ဆိုင်နေကြရပါတယ်။
IIMM သို့အချက်အလက်တွေပေးပို့နေကြတဲ့ရဲရင့်သူတွေရဲ့ စွန့်စားမှုတွေအချည်းနှီးမဖြစ်စေရေးနဲ့ ပြစ်မှုကျူးလွန်သူ အာဏာသိမ်းစစ်တပ်ကို ထိရောက်စွာတာဝန်ခံခိုင်းနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။







