Border News Agency
မန္တလေး၊စက်တင်ဘာ ၁၁ ။
တံတားဦးလေတပ်စခန်းရှိ တိုက်လေယာဉ်တွေဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်လိုက်တာကြောင့် နိုင်ငံတကာခရီးစဉ်တွေအားလုံးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ မြန်မာအမျိုးသားလေကြောင်းလိုင်းက စက်တင်ဘာလ ၁၀ ရက်၊ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
အဲဒီတံတားဦးလေတပ်စခန်းရှိ တိုက်လေယာဥ်တွေကို စက်တင်ဘာလ ၁၀ ရက်နေ့က FPV ဒရုန်းခြောက်စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ရုပ်သံထွက်ပေါ်လာခဲ့ပြီး လေယာဉ်ရုံအတွင်းရှိတိုက်လေယာဉ်တစင်းကို တည့်တည့်ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တွေ့မြင်ရတာပါ။
လုပ်ငန်းလည်ပတ်မှုအခြေအနေတွေကြောင့် မန္တလေးလေဆိပ်မှထွက်ခွာမယ့် သို့မဟုတ် ဆိုက်ကပ်မယ့်နိုင်ငံတကာခရီးစဉ်တွေကို နောက်ထပ်အသိပေးချက်မထုတ်ပြန်မီအထိ ယာယီရပ်ဆိုင်းမယ်လို့MAI က ဆိုပါတယ်။
ရပ်ဆိုင်းထားတဲ့ကာလအတွင်း MAI နဲ့ မင်္ဂလာလေကြောင်းလိုင်းရဲ့ ပြည်တွင်းခရီးစဉ်တွေကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲသွားမှာဖြစ်ပါတယ်။
ခရီးစဉ်ထိခိုက်ခဲ့တဲ့ခရီးသည်တွေအနေနဲ့ လက်မှတ်ခအပြည့်အဝ ပြန်လည်ထုတ်ယူနိုင်သလို ခရီးစဉ်လမ်းကြောင်းကိုလည်း အခမဲ့တကြိမ်ပြောင်းလဲနိုင်တယ်လို့ဆိုပါတယ်။







