Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၁၃။
မြန်မာနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းလိုင်းတွေ တိုးချဲ့ပျံသန်းပြေးဆွဲဖို့သဘောတူညီချက်တွေရခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ သမ္မတရုံးဒုတိယဝန်ကြီးဒေါက်တာခိုင်ခိုင်စိုးကပြောပါတယ်။
အဲဒီခရီးစဉ်အတွင်း ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေတိုးမြှင့်ရေး၊ စီယမ်ရိပ့်နဲ့ပုဂံဒေသကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ် ဆောင်ရွက်ရေးအပြင် “Two Countries, One Destination” အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံကလယ်ယာထွက်ကုန်နဲ့ စက်မှုထွက်ကုန်အချို့ကို ကမ္ဘောဒီးယားနိုင်ငံဆီတင်ပို့ ကုန်သွယ်နိုင်ရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဟိုချီမင်းမှဖနောင်ပင် အဲဒီမှတဆင့်ဘန်ကောက်နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းအထိဆက်သွယ်မယ့် ဒေသတွင်းကုန်းလမ်းကြောင်း အဆိုပြုချက်ကိုတင်ပြခဲ့ပြီး ကမ္ဘောဒီးယားဘက်ကလည်း စိတ်ဝင်စားမှုရှိတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာရဲ့ ဝိုင်းပယ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဒေသတွင်းအချို့ နိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေပြုလုပ်ပြီး တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေတာလို့ နိုင်ငံရေးလေ့လာသူတွေက ထောက်ပြကြပါတယ်။







