Border News Agency
မြဝတီ၊စက်တင်ဘာ ၁၃။
ကရင်ပြည်၊ မြဝတီမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေအနီးမှာ စက်တင်ဘာလ ၁၃ ရက်၊မနက် အစောပိုင်းက ကားမိုင်းနှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် မော်တော်ယာဉ်နှစ်စီးနဲ့ ယာဉ်ထိန်းရုံးတို့ မီးလောင်ပျက်စီးခဲ့ပါတယ်။
အဲဒီမြဝတီမြို့ ရေပူလမ်းဆုံမီးပွိုင့်အနီးရှိ ယာဉ်ထိန်းရုံးအနီး ဒီနေ့ မနက် ၁ နာရီကျော်အချိန်က မော်တော်ယာဉ်မှာ တပ်ဆင်ထားတဲ့ ကားမိုင်းပထမတလုံးပေါက်ကွဲခဲ့တာပါ။
အဲဒီအပြင်အမှတ် (၅) ရပ်ကွက်၊ ဦးအောင်ဇေယျလမ်းမ၊ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ Honda Fit မော်တော်ယာဉ်မှာ တပ်ဆင်ထားတဲ့ ကားမိုင်းတလုံးထပ်မံပေါက်ကွဲခဲ့ပါတယ်။
အဲဒီပေါက်ကွဲမှုတွေကြောင့် လူထိခိုက်မှုမရှိခဲ့ပေမယ့်မော်တော်ယာဉ်နှစ်စီးနဲ့ ယာဉ်ထိန်းရုံးမီးလောင်ပျက်စီးခဲ့ပြီး ဖြစ်စဉ်အပြီး လက်နက်ငယ်ပစ်ခတ်သံအချို့နဲ့ ဒရုန်းပျံသန်းမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေကလူမှုကွန်ရက်ပေါ်မှာ မျှဝေထားကြပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာတွေသို့ အာဏာသိမ်းစစ်တပ်က လာရောက်စစ်ဆေးမှုတွေပြုလုပ်ထားပြီး လက်ရှိအချိန်ထိ အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။












