Border News Agency
နယူးယောက်၊ စက်တင်ဘာ ၁၅။
ကုလသမဂ္ဂဆိုင်ရာမြန်မာကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် ကုလသမဂ္ဂအာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။
နော်ဝေဘုရင်ပဉ္စမမြောက် ဟာရဲလ်ဒ်ကွယ်လွန်မှုအတွက် စက်တင်ဘာလ ၁၄ ရက်၊မ နက်ပိုင်းမှာပြုလုပ်ခဲ့တဲ့ အောက်မေ့ဖွယ်အခမ်းအနားကို အာရှ-ပစိဖိတ်ဒေသအုပ်စုရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ်ဦးကျော်မိုးထွန်းတက်ရောက်ပြီး ဝမ်းနည်းကြောင်းအမှတ်တရမိန့်ခွန်းပြောကြားခဲ့တာပါ။
ကုလသမဂ္ဂ အာရှ-ပစိဖိတ်ဒေသအုပ်စုမှာ အာရှနဲ့ပစိဖိတ်ဒေသရှိ အဖွဲ့ဝင်ငါးဆယ့်ငါးနိုင်ငံပါဝင်ပြီး ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျထမ်းဆောင်ကြတာဖြစ်ပါတယ်။
အဲဒီအပြင်ဦးကျော်မိုးထွန်းဟာ အကြိမ်ရှစ်ဆယ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလအတွင်း ကျင်းပတဲ့လုံခြုံရေးကောင်စီတံခါးဖွင့်အစည်းအဝေးတွေ၊စီးပွားရေးနဲ့ လူမှုရေးကောင်စီအစည်းအဝေးတွေအပြင် အမျိုးသမီးနဲ့ကလေးသူငယ်ရေးရာဆိုင်ရာ ဘာသာရပ်ဆိုင်ရာအစည်းအဝေးတွေကိုလည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီညီလာခံကာလအတွင်း မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ အစည်းအဝေးပွဲပေါင်းအများအပြားမှာ မိန့်ခွန်းပေါင်းရှစ်ဆယ်ကျော်ပြောကြားခဲ့တယ်လို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးက ထုတ်ပြန်ထားပါတယ်။







