Border News Agency
ဘန်ကောက်၊ စက်တင်ဘာ ၁၅။
အွန်လိုင်းပလက်ဖောင်းတွေကနေတဆင့် သေနတ်နဲ့ကျည်ဆန်တွေ ဝယ်ယူရောင်းချနေတဲ့ကွန်ရက်ကို ထိုင်းဆိုက်ဘာရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်ပြီး လူနှစ်ဦးကိုသေနတ်၊ ကျည်ဆန်တွေနဲ့အတူ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဆိုက်ဘာမှုခင်းစုံစမ်းရေးအဖွဲ့တွေပူးပေါင်းပြီး စက်တင်ဘာလ ၁၄ ရက်၊မနက်ပိုင်းက ပထုံဌာနီနဲ့ဖက်ချဘူရီခရိုင်တို့ရှိနေအိမ်တွေကို တရားရုံးဝရမ်းနဲ့ ဝင်ရောက်ရှာဖွေခဲ့ကြတာပါ။
ရှာဖွေမှုအတွင်းပထုံဌာနီခရိုင်မှာ အသက်ခြောက်ဆယ်တနှစ်အရွယ် အမျိုးသားတဦးကို အိမ်လုပ်လေဖိအားမြင့်သေနတ်တလက်၊ ကျည်နှစ်ဆယ်တောင့်နဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။
သူဟာ Shopee အွန်လိုင်းပလက်ဖောင်းမှာ သေနတ်ရောင်းချနေတဲ့ ကွန်ရက်ဆီမှဘတ်တသောင်းနဲ့ဝယ်ယူခဲ့တာလို့ထွက်ဆိုပါတယ်။
အဲဒီအပြင်ဖက်ချဘူရီခရိုင်၊ချအမ်မြို့နယ်မှာလည်း အသက်နှစ်ဆယ့်ငါးနှစ်အရွယ် အမျိုးသားတဦးကို ရီဗော်လ်ဗာသေနတ်တလက်၊မဂ္ဂဇင်းသေနတ်တလက်နဲ့ ကျည်ဆန်စုစုပေါင်းခြောက်ဆယ့်ငါးတောင့်နဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာပါ။
သူကလည်း Line Official အဖွဲ့မှတဆင့် သေနတ်နဲ့ကျည်ဆန်တွေကို ဘတ်သုံးသောင်းကျော်ဖိုး ဝယ်ယူခဲ့တာဖြစ်တယ်လို့ဝန်ခံထားပြီး တရားဝင်စာရွက်စာတမ်းပြသနိုင်တာမရှိတာကြောင့် ရဲစခန်းမှာအမှုဖွင့်အရေးယူထားပါတယ်။












