Border News Agency
မလေးရှား၊စက်တင်ဘာ ၂၄။
မြန်မာဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်မယ့်အစီအစဉ်နဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့်အစီအစဉ်ကို မလေးရှားရောက်မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ (COBEM)၊ NGO အဖွဲ့တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက စက်တင်ဘာလ ၂၄ ရက်၊ဒီနေ့ မနက်ပိုင်းမှာ ပူထရာဂျာယာရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံးရှေ့ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ဒုက္ခသည်တွေကိုဘေးကင်းမှုမရှိသေးတဲ့ မြန်မာနိုင်ငံသို့ပြန်မပို့ဖို့နဲ့ လုံခြုံရေးအကာအကွယ်ပေးဖို့တောင်းဆိုထားတဲ့အသနားခံစာကို မလေးရှား ပြည်ထဲရေးဝန်ကြီးဆီပေးအပ်ခဲ့တာပါ။
အာဏာပိုင်တွေဘက်က မြန်မာ ၁,၄၇၆ ဦးဟာ မိမိဆန္ဒအလျောက်ပြန်ကြတာဖြစ်တယ်လို့ပြောဆိုပေမယ့် အဲဒီမှာဖိအားပေးခံရမှုကြောင့်သာဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ရှင်းပြခဲ့ပါတယ်။
အဲဒီအပြင် ဒုက္ခသည်တွေကိုပြန်ပို့ရင် အတင်းအဓမ္မစစ်ဝတ်မှုထမ်းခိုင်းခံရတာနဲ့ အသက်အန္တရာယ်ကြုံရနိုင်ကြောင်း Beyond Borders တည်ထောင်သူ Mahi က ထောက်ပြခဲ့ပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေကိုကိုယ်စားမပြုတဲ့အတွက် မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်ကိုလည်း ကန့်ကွက်ခဲ့ကြပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေပါဝင်တဲ့ အစည်းအဝေးမကျင်းပမီအထိ ပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့တောင်းဆိုခဲ့ကြပါတယ်။












