Border News Agency
မိုးညင်း၊စက်တင်ဘာ ၂၅။
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးမှာ ငွေကျပ်သိန်းခြောက်ရာရှစ်ဆယ်ကျော်တန်ဖိုးရှိ ဘိန်းစိမ်းနဲ့ဘိန်းဖြူတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က စက်တင်ဘာလ ၂၄ ရက်နေ့ကထုတ်ပြန်ထားပါတယ်။
အဲဒီနန့်စီးအောင်ကျေးရွာအနီးမှာ စက်တင်ဘာလ ၂၃ ရက်၊နေ့လည် ၁ နာရီအချိန်က အောင်မင်းခိုင်နဲ့ကျော်သိန်းလှိုင်တို့ သုံးဘီးဆိုင်ကယ်နဲ့သယ်ဆောင်လာတဲ့ ကျပ်သိန်းသုံးရာခြောက်ဆယ်တန်ဖိုးရှိ ဘိန်းစိမ်းအလေးချိန်သုံးဆယ်ကီလိုနဲ့ဖုန်းတလုံးကို ပထမအကြိမ်သိမ်းဆည်းရမိခဲ့တာပါ။
အဲဒီနောက် နေ့လည် ၁ နာရီခွဲအချိန်မှာ မိုးလှိုင်မောင်းနှင်လာတဲ့မော်တော်ဆိုင်ကယ်ကို ထပ်မံစစ်ဆေးရာမှ ကျပ်သုံးရာနှစ်ဆယ့်ခြောက်ဒသမခုနှစ်သိန်းတန်ဖိုးရှိ ဘိန်းဖြူအလေးချိန်တဒသမလေးရှစ်ငါးကီလို၊ မြန်မာငွေကျပ်ငါးသိန်းနဲ့ဖုန်းတလုံးကိုဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့အောင်မင်းခိုင်၊ကျော်သိန်းလှိုင်နဲ့မိုးလှိုင်တို့သုံးဦးကို မိုးညှင်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးဆိုင်ရာဥပဒေအရအမှုဖွင့်အရေးယူထားပါတယ်။
အဲဒီအပြင် မူးယစ်ဆေးဝါးသယ်ဆောင်မှုမှာပါဝင်ပတ်သက်နေတဲ့ ကွင်းဆက်တွေကိုဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။








