Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၁။
ကျောက်တော်မြို့အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ တော်လှန်ရေးနဲ့ လူထုအဖွဲ့အစည်းနှစ်ဆယ့်ကိုးဖွဲ့က စက်တင်ဘာလ ၃၁ ရက်နေ့မှာ ပူးတွဲရှုတ်ချလိုက်ပါတယ်။
ကျောက်တော်မြို့ အိန္ဒိယဈေးအနီးကို စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူငါးဆယ်ဦးထက်မနည်း သေဆုံးခဲ့ရပြီး ငါးဆယ့်ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီလိုလုပ်တာဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု ဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ စစ်ရာဇဝတ်မှုထပ်မံကျူးလွန်တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အာဆီယံ၊ အီးယူနဲ့ သက်ဆိုင်ရာနိုင်ငံအစိုးရတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ဆီ လေယာဉ်ဆီ တင်သွင်း၊ သယ်ယူ၊ ဖြန့်ဖြူးပေးနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို ထိရောက်စွာပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ ချက်ချင်းပြုလုပ်ပေးဖို့လည်း တောင်းဆိုထားကြပါတယ်။
အဲဒီပူးတွဲထုတ်ပြန်ချက်မှာ KSSU၊ SURC၊ NSF၊ စစ်ငြိမ်းပန်းဖောင်ဒေးရှင်း၊ GSC၊ AJMM၊ PGYN၊ PMYA၊ ဗကသများအဖွဲ့ချုပ်၊ ဗမသ၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၊ MMMCC၊ BMA၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ Y4B၊ LYC၊ DPNS၊ YNS၊ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ အကလ (ဗဟို)၊ GSCB၊ AFCC (မန္တလေး)၊ DMD၊ BHRN၊ S2S၊ Owl Community၊ KMD-18၊ MDF နဲ့ LYNYO တို့ ပါဝင်ကြပါတယ်။










