Border News Agency
ပုဏ္ဏားကျွန်း၊အောက်တိုဘာ ၂။
ကျောက်တော်မြို့ အိန္ဒိယဈေးလေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် အာရက္ခဒေသရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ မြို့နယ်တွေရှိ စစ်ဘေးရှောင်စခန်း၊ဘုန်းကြီးကျောင်းနဲ့ လူနေရပ်ကွက်တွေကို အာဏာသိမ်းစစ်တပ်က ဆက်တိုက်လေကြောင်းတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA) က အောက်တိုဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယဈေးလေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ပေါက်တောနဲ့သံတွဲမြို့နယ်မှာရှိတဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာတွေကို စက်တင်ဘာလ ၃၀ ရက်မှအောက်တိုဘာလ၂ ရက်နေ့ထိ လေကြောင်းမှဗုံးအလုံးပေါင်းများစွာနဲ့ဆက်တိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုဏ္ဏားကျွန်းစစ်ဘေးရှောင်စခန်းမှလေး နှစ်အရွယ်ကလေးတဦးအပါအဝင် သံတွဲ၊ ပေါက်တောနဲ့ပုဏ္ဏားကျွန်းမြို့နယ်တို့မှ အရပ်သားဆယ်ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီး ရသေ့တောင်မြို့နယ်၊ကူတောင်ကျေးရွာမှာတော့ အမျိုးသားတဦးသေဆုံးခဲ့ပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊သကြားစက်ကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်ကတိုက်လေယာဉ်ခုနှစ်စီး၊ Y-12 လေယာဉ်တစီးနဲ့ဗုံးအလုံးရေလေးဆယ်ထိတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်လည်းလုံးဝပျက်စီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာရက္ခဒေသရှိစစ်ရေးပစ်မှတ် မဟုတ်တဲ့နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်လေကြောင်းတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတာဖြစ်တယ်လို့ဆိုပါတယ်။























