Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၄။
အာရက္ခဒေသရှိ မင်းပြားနဲ့ မြောက်ဦးမြို့နယ်အနီးကိုဗဟိုချက်ပြုပြီး ရစ်ချ်စကေး ၄ ဒသမ ၈ အဆင့်ရှိပြင်းအားသင့် ငလျင်တခု အောက်တိုဘာလ ၄ ရက်၊ ဒီနေ့ညမှာလှုပ်ခတ်သွားပါတယ်။
အဲဒီငလျင်ဟာ ဒီနေ့ ည ၁၂ နာရီ ၄၄ မိနစ်အချိန်ခန့်မှာ မြေအောက် အနက် ၆ ဒသမ ၂ မိုင်ကို ဗဟိုပြုပြီး ၁ မိနစ်နီးပါးကြာ လှုပ်ခတ်သွားခဲ့တာဖြစ်ပါတယ်။
ငလျင်ဗဟိုချက်မှာ မြောက်လတ္တီကျု ၂ဝ ဒသမ ၆၅၁ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၉၃ ဒသမ ၃၆၇ ဒီဂရီတွင်တည်ရှိပြီး မင်းပြား၊ မြောက်ဦး၊ဘူးသီးတောင်၊မောင်တောမြို့နယ်တွေအထိ ငလျင်ဒဏ်ကို သိသိသာသာခံစားခဲ့ရကာ အိမ်တွင်းရှိပစ္စည်းတွေတုန်ခါသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
ခုချိန်ထိငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ အဆောက်အအုံပျက်စီးဆုံးရှုံးမှု သတင်းအချက်အလက်တွေကိုတော့ မသိရသေးပါဘူး။






