Border News Agency
ထိုင်း၊အောက်တိုဘာ ၄။
ထိုင်းနိုင်ငံမှာမတည်ငြိမ်တဲ့ ရာသီဥတုအခြေအနေကြောင့် အောက်တိုဘာလ ၄ ရက်၊ဒီနေ့ကစပြီး မိုးသည်းထန်စွာရွာသွန်းနိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၄ ရက်ကနေ ၇ ရက်နေ့ထိ မိုးသက်လေပြင်းတွေကျတာ၊ မိုးကြီးတာကနေ မိုးသည်းထန်စွာရွာသွန်းတာတွေဖြစ်ပေါ်နိုင်ပြီး ခုလိုမုန်တိုင်းဆန်တဲ့ရာသီဥတုမတည်ငြိမ်မှုတွေဖြစ်ပေါ်ရတာဟာ မိုးနှောင်းကာလဖြစ်လို့ တရုတ်နိုင်ငံဘက်ကလာတဲ့ လေအေးလှိုင်းနဲ့ကပ္ပလီပင်လယ်က အနောက်တောင်မုတ်သုံလေတို့ ဆုံတွေ့မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရာသီဥတုအခြေအနေကြောင့် အောက်တိုဘာလ ၄ ရက်နေ့မှာ ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းဒေသတွေမှာ မိုးစတင်ရွာသွန်းမှာဖြစ်ပြီး အောက်တိုဘာလ ၅ ရက်နဲ့ ၆ ရက်တွေမှာမြောက်ပိုင်း၊အလယ်ပိုင်း၊ ဘန်ကောက်နဲ့ အနီးဝန်းကျင်ဒေသတွေ၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းအထက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ရွာသွန်းမှာဖြစ်ပါတယ်။
အဲဒီနောက် အောက်တိုဘာလ ၇ ရက်နေ့မှာ မြောက်ပိုင်းနဲ့အလယ်ပိုင်းအနောက်ဘက်ဒေသတွေမှာ မိုးရွာသွန်းနိုင်ပါတယ်။
မိုးသက်လေပြင်းကျတာ၊ မိုးကြီးတာတို့နဲ့အတူ ရုတ်တရက်ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေဖြစ်ပေါ်နိုင်တာကြောင့် ပြည်သူတွေအ
နေနဲ့ သတိပြုကြဖို့လည်းအသိပေးထားပါတယ်။
အဲဒီအပြင် ဟင်းလင်းပြင်နေရာတွေ၊သစ်ပင်ကြီးတွေနဲ့ ခိုင်ခံ့မှုမရှိတဲ့ ကြော်ငြာဘုတ်တွေအနီးမှာ နားခိုတာမျိုးတွေမပြုလုပ်ကြဖို့ပါနှိုးဆော်ထားပါတယ်။








