စစ်ပွဲနှင့်တိတ်တဆိတ်ဆုတောင်းသံ
Border News Agency
မြောက်ဦး၊အောက်တိုဘာ ၅။
ဘုရားပေါ်တွင်ဒေါ်ပန်းမွှေးတယောက် ၎င်း၏သားဖြစ်သူမွေးနံထောင့်၌ ၎င်းသားဖြစ်သူဘေးမသီရန်မခစေရန်ဆုတောင်းနေသည်။
ဒေါ်ပန်းမွှေးက ဗမာပြည်အလယ်ပိုင်းဒေသမှဖြစ်သည်။ ခင်ပွန်းဖြစ်သူကွယ်လွန်ပြီးနောက် ပြီးခဲ့သောလေးနှစ်ခန့်မှ ရန်ကုန်သို့ပြောင်းရွှေ့လာခဲ့သည်။
လွန်ခဲ့သည့်နှစ် ၎င်း၏သားဖြစ်သူက နယ်ဘက်တွင် အလုပ်သွားလုပ်စဉ်အပြန်လမ်း၌ စစ်မှုထမ်းရန်အဆွဲခံလိုက်ရသည်။
၎င်း၏သားဖြစ်သူဘေးကင်းရေးအတွက် ဘုရားပေါ်တွင်လာရောက်ဆုတောင်းနေခြင်းဖြစ်သည်။
ဒေါ်ပန်းမွှေးတယောက်ဘုရားပေါ်မှဆင်းသွားပြီးနောက် ဒေါ်မေဟုခေါ်သောအမျိုးသမီးတယောက် ဘုရားပေါ် တက်လာပြန်သည်။
ဒေါ်မေကရခိုင်ပြည်ကဖြစ်သည်။သူမ၏သားဖြစ်သူမှာလည်း ရခိုင်မှပြည်မဘက်သို့ ထွက်လာစဉ်လမ်းခုလတ်၌ အာရက္ခတပ်တော်(AA)ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းခြင်းခံလိုက်ရသည်။
သူမသည်လည်း သူမ၏သားအတွက် ဘုရားပေါ်တွင် ဆုတောင်းရန်ရောက်ရှိလာခြင်းဖြစ်သည်။
ဒေါ်ပန်းမွှေးသည်လည်းကောင်း၊ဒေါ်မေသည်လည်းကောင်းတယောက်နှင့်တယောက်မသိကြပေ။သူမတို့အနေဖြင့် နိုင်ငံရေးအကြောင်းကိုလည်း နားမလည်ကြပေ။သို့သော် စစ်ပွဲကသူမတို့ နှစ်ယောက်စလုံးကို ပြင်းထန်စွာရိုက်ခတ်ခဲ့သည်။
၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ပြည်တွင်းစစ်မှာ ဧရိယာပိုမိုကျယ်ပြန့်လာခဲ့သည်။ယခင်ကာလက စစ်မဖြစ်ခဲ့ဖူးသောနေရာများတွင် ယမ်းနံ့များ ဝေလာခဲ့သည်။စစ်ကအရာရာတိုင်းကိုတိုက်စားသွားခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၁ ခုနှစ်၊စက်တင်ဘာလတွင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် “ခုခံတွန်းလှန်စစ်” စတင်ကြောင်းကြေညာခဲ့သည်။
စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့်ချင်းပြည်ကဲ့သို့ အစဉ်အလာအရတိုင်းရင်းသားလက်နက်ကိုင်တပ်များနည်းပါးခဲ့သည့် အလယ်ပိုင်းဒေသများတွင် ဒေသခံ PDF များနှင့်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားလာခဲ့သည်။
အုပ်စုစွဲများ၊သဘောတူညီချက်အားနည်းမှုများ၊အပြန်အလှန်ပဋိပက္ခများအပါအဝင် မြန်မာစစ်တပ်၏ရက်စက်မှုများစသည့် စစ်ပွဲ၏အနိဋ္ဌာရုံများနှင့်နိုင်ငံရေးပျက်ယွင်းမှုများကို ပြည်မရှိပြည်သူလူထုမှာ မျက်ဝါးထင်ထင်မြင်တွေ့လာခဲ့ရသည်။
နှစ်နှစ်ကျော်အကြာကာလတွင် စစ်ပွဲအခြေအနေမှာကြာရှည်လာပြီး အီလာခဲ့သည်။ကျားဖြန့်ပြဿနာအပေါ် တရုတ်၏နှိမ်နင်းလိုမှုနှင့် ယှဉ်တွဲလာသော “၁၀၂၇ စစ်ဆင်ရေး”က စစ်ပွဲအား ဂ-ငယ်ကွေ့အဖြစ် အရှိန်ပြန်တက်သွားစေခဲ့သည်။
တရုတ်အနေဖြင့် ၎င်းတို့အလိုရှိနေသော ကျားဖြန့် ပုဂ္ဂိုလ်များကိုရရှိပြီးနောက်တွင် ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်ကိုဆက်လက်ကျယ်ပြန့်စေရန် ဆန္ဒမရှိပုံရသည်။
ကိုးကန့်နှင့်တအာင်းတို့ နယ်မြေများကိုသိမ်းယူနိုင်ခဲ့ပြီး နောက်တွင်ချဲ့ထွင်လာမည့်စစ်ရေးနယ်ပယ်များကို ပြန်လည်ကျုံ့ဝင်စေရန် တရုတ်ဘက်ကအားထုတ်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းသည် တရုတ်နိုင်ငံ၏ကြားဝင်စေ့စပ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် “ဟိုင်ဂင် သဘောတူညီချက်” (Haigeng Agreement) ဖြင့် အပစ်အခတ်ရပ်စဲခဲ့သည်။
သို့သော်လည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်ဟုဆိုကာ ညီနောင်မဟာမိတ်သုံးဖွဲ့က ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် ရှမ်း-မန်း စစ်ဆင်ရေးကိုပြန်လည်စတင်ခဲ့သည်။
သို့ရာတွင် စစ်ရေးနယ်ပယ်များကို ပြန်လည်ကျုံ့ဝင်စေလိုသော တရုတ်၏ရပ်တည်ချက်ကိုမူ မကျော်လွန်နိုင်ခဲ့ပေ။ရှမ်းမြောက်ပိုင်းတွင် အပစ်ရပ်မှုနှင့် အချို့ဒေသများကို မြန်မာစစ်တပ်ထံပြန်လည်လွှဲပေးမှုများဖြစ်ပေါ်လာခဲ့သည်။
ရခိုင်ပြည်အတွင်းတိုက်ပွဲများ (ရခိုင်စစ်ဆင်ရေး) မှာ ၁၀၂၇ စစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် စတင်လာခဲ့သည်။
တရုတ်နိုင်ငံ၏စေ့စပ်ပေးမှုကြောင့် ရှမ်းမြောက်ပိုင်းတွင် အပစ်ရပ်ခဲ့သော်လည်း ရခိုင်ပြည်၌တိုက်ပွဲများ အပစ်မရပ်ဘဲဆက်လက်ပြင်းထန်ခဲ့ပြီး AA အနေဖြင့် ရခိုင်ပြည်ရှိမြို့နယ်အများအပြားနှင့် စခန်းပေါင်းများစွာကို ဆက်တိုက်သိမ်းပိုက်ခဲ့သည်။
MNDAA နှင့် TNLA တို့၌ တရုတ်နိုင်ငံ၏ ဖိအားပေးမှုများနှင့် တိုက်ပွဲအရှိန်လျှော့ချရေးညှိနှိုင်းမှုများရှိနေသော်လည်း မြေပြင်တွင်မူတိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား၌ပင် တင်းမာမှုများပုံစံအမျိုးမျိုးဖြင့်ရှိလာခဲ့သည်။
အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။
AA ကလည်းအမျိုးသားကာကွယ်ရေးအရေးပေါ်ပြဋ္ဌာန်းချက် (NDEP) ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သည်။
လက်ရှိတွင်တော့ ရခိုင်စစ်မျက်နှာမှာ အကျယ်ပြန့်ဆုံးဟု ပြော၍ရသည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် AA ကြား ကြားဝင်စေ့စပ်ပေးခဲ့သူဒေါက်တာဆာဆာကာဝါ၏ ညှိနှိုင်းမှုများရှိခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများပျက်ပြားသွားပြီး စစ်တပ်၏လေကြောင်းဗုံးကြဲမှုများမှာ ရခိုင်တွင်ပိုမိုပြင်းထန်လာခဲ့သည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းဆုံးရှုံးခဲ့ရသော နယ်မြေ (မြို့ပြ) များအနက် ၈ ဒသမ ၈၆ ရာခိုင်နှုန်းကို ပြန်လည်သိမ်းယူထားနိုင်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP-Myanmar) က ဆိုထားသည်။
ထိုစုစုပေါင်း မြို့ပေါင်း ၁၀၁ မြို့ထိ လက်လွှတ်ခဲ့ရပြီး ၂၀၂၄ ခုနှစ်မှ ၂၀၂၆ ခုနှစ် ပထမခြောက်လအတွင်း မြန်မာစစ်တပ်ဘက်က မြို့ပေါင်း ၂၂ မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့ကာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သော ဧရိယာမှာ ၂၄,၁၂၃.၈၁ စတုရန်းကီလိုမီတာရှိသည်ဟုဆိုသည်။
ထိုပြန်လည်ရရှိခဲ့သည့် မြို့ ၂၂ မြို့အနက် ၃ မြို့ (လားရှိုး၊ မိုးကုတ်၊ မိုင်းမိတ်) ကို တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသော ၁၉ မြို့ကိုမူ စစ်တပ်၏တိုက်ရိုက်ထိုးစစ်များဖြင့် ပြန်လည်သိမ်းယူခဲ့ခြင်းဖြစ်သည်။
လက်ရှိအခြေအနေတွင် မြန်မာစစ်တပ်သည် ဆုံးရှုံးထားရသည့် မြို့များအနက် ၈၁ မြို့ကို ဆက်လက်လက်လွှတ်ထားရဆဲဖြစ်သည်ဟု ISP-Myanmar က ဆိုထားသည်။
စစ်ပွဲ၏အကျိုးဆက်က လူမှုစီးပွားဘဝကို ပြင်းပြင်းထန်ထန်ရိုက်ခတ်လာခဲ့သ ည်။
ကမ္ဘာဘဏ်က ၂၀၂၆ ခုနှစ်တွင်လည်း မြန်မာ့စီးပွားရေးမှာ (Surviving, Not Thriving) ရှင်သန်ရုံမျှသာရှိပြီး ဖွံ့ဖြိုးမှုနှေးကွေးသည့် အခြေအနေတွင်သာရှိနေမည်ဟုဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေသည် ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ဆက်အားနည်းနေဆဲဖြစ်သည်။
ထိုငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀ ရာ ခိုင်နှုန်းအထက်တွင်ဆက်ရှိနေပြီး စားသောက်ကုန်နှင့်အိမ်သုံးပစ္စည်း ဈေးနှုန်းများအလွန်အမင်းမြင့်တက်နေသည်။
လျှပ်စစ်မီးမမှန်ခြင်းနှင့် ငွေကြေးမတည်ငြိမ်မှုများက လုပ်ငန်းများကိုထိခိုက်စေသည်ဟုဆိုထားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေသော်လည်း အလားအလာမှာနှေးကွေးလျက်ရှိပြီး တရုတ်ယွမ်ငွေဖြင့်ရင်းနှီးမြှုပ်နှံခွင့်ပြုချက်များရှိလာသော်လည်း ဈေးကွက်အတွင်း အကျပ်အတည်းများရှိနေဆဲဖြစ်သည်။
မြန်မာ့လယ်ယာထွက်ကုန်နှင့် အစားအသောက်ကဏ္ဍမှာ စီးပွားရေး၏အဓိကမောင်းနှင်အားအဖြစ် ကြံ့ကြံ့ခံရပ်တည်နေရပြီး ရိုက်ခတ်မှုများမှာကြီးကြီးမားမား ရှိနေသည်။
တရုတ်ရင်းနှီးမြှုပ်နှံမှုများပင် မြန်မာနိုင်ငံသို့မဝင်နိုင်ဘဲ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အကြံပြုချက်များတွင် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှုအတွက် အန္တရာယ်အတိုင်းအတာ အရမ်းကြီးမားသည့် စာရင်းတွင်ပါဝင်နေကြောင်း ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် BBC Burmese မှ ဖော်ပြထားသည်။
စစ်ပွဲသည်အရာရာတိုင်းကို တိုက်စားသွားခဲ့သည်။လက်ရှိအချိန်ထိ အဖြေက ဝေးကွာနေဆဲဖြစ်သည်။ စစ်တွင် အနိဋ္ဌာရုံများရှိသည်။
စစ်ပွဲတရပ်ကို ရွေးချယ်သည်ဖြစ်စေ မရွေးချယ်သည်ဖြစ်စေ စစ်ဖြစ်လာလျှင်ဘက်အသီးသီးကိုထိခိုက်သည်။စစ်၏ဒဏ်ရာသည် စစ်ပြီးသွားလျှင်ပင် ရေရှည် ခက်ခက်ခဲခဲပြန်လည်ကုစားရသ ည်။
မြန်မာနိုင်ငံ၏ စစ်ပွဲသံသရာက ရှည်ကြာလွန်းလှသည်။ရှည်ကြာသည်နှင့်အမျှ ဒေါ်ပန်းမွှေး၊ဒေါ်မေတို့ကဲ့သို့ မိခင်များ၏စိုးရိမ်သောကများ၊ပူပန်မှုများ၊ တိုးတိတ်သော ဆုတောင်းသံများက အကျပ်အတည်းများကြားတွင် ဆက်ရှိနေဦးမည်ဖြစ်သည်။










