Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ပန်းနီလာစစ်ဘေးရှောင်စခန်းကို အောက်တိုဘာလ ၅ ရက်၊ ဒီနေ့ မနက် ၉ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်တိုက်လေယာဥ်သုံးစီးနဲ့ ဗုံးခြောက်လုံးတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တွေမြို့နယ်၊ဝါဘိုကျေးရွာမှ အဖဦးဝင်မောင်သိန်း၊အမိဒေါစိုးမိုးစံရဲ့သမီး တဆယ့်တတန်းကျောင်းသူ၊အသက်တဆယ့်ရှစ်နှစ်အရွယ်မခိုင်သဇင်စိုးသေဆုံးသွားပြီး နှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးငူ (ဗျာလ) စစ်ဘေးရှောင်စခန်းကိုလည်း အောက်တိုဘာလ ၄ ရက်နေ့က အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်နှစ်စီးနဲ့လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်ခုနှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီစစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားရသူတွေရဲ့အသုဘအခမ်းအနားတွေမပြီးသေးမီ အာဏာသိမ်းစစ်တပ်က ပန်းနီလာစစ်ဘေးရှောင်စခန်းကိုဆက်လက်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က နေ့စဥ်လိုလိုလေကြောင်းပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အရပ်သားတွေသေဆုံး၊ဒဏ်ရာရနေကြပါတယ်။
















