Border News Agency
မလေးရှား၊ အောက်တိုဘာ ၈။
မလေးရှားနိုင်ငံရှိလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့မှာ အောက်တိုဘာလ ၈ ရက်နေ့ကပြုလုပ်တဲ့ နှစ်နိုင်ငံသတင်းစာရှင်းလင်းပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က အခုလိုပြောဆိုခဲ့တာပါ။
မလေးရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံစဉ် ထိန်းသိမ်းရေးစခန်းရောက် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုပြီးသူတွေကို ရာသီဥတုကောင်းမွန်ချိန်မှာ သင်္ဘောတွေစေလွှတ်ပြီး ပြန်လည်ခေါ်ဆောင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ရွှေ့ပြောင်းလုပ်သားတွေ တရားဝင်လမ်းကြောင်းကနေ လာရောက်လုပ်ကိုင်နိုင်ရေး၊ ခေါင်းပုံဖြတ်ခံရမှုကာကွယ်ရေးနဲ့ အလုပ်သမားနားလည်မှုစာချွန်လွှာ (MoU) တွေအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်ရေးတို့ကိုလည်း မလေးရှားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့ကလည်း မလေးရှားထိန်းသိမ်းရေးစခန်းရောက် မြန်မာနိုင်ငံသား တထောင့်လေးရာခုနှစ်ဆယ်ခြောက်ဦးကို အာဏာသိမ်းစစ်တပ်က စစ်သင်္ဘောတွေနဲ့ ပြန်ခေါ်ခဲ့ပါတယ်။







