Border News Agency
မြောက်ဦး၊အောက်တိုဘာ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာအနီးမှမြေတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အတင်းအဓမ္မသိမ်းယူဖို့ကြိုးစားနေပြီး အောက်တို ဘာလ ၁၇ ရက်၊ဒီနေ့မနက် ၉ နာရီအချိန်က မြေတိုင်းအကွက်ရိုက်နေပြီလို့ပေါင်းတုတ်ရွာသားတွေက အတည်ပြုပြောကြပါတယ်။
အဲဒီမြေတွေကို လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အသုံးပြုတိုင်းနေကြတာဖြစ်ပြီး မြေပိုင်ရှင်တွေကို အသိပေးအကြောင်းကြားတာ၊ လျှော်ကြေးပေးတာတွေမရှိတာမို့ အတင်းအဓမ္မဒါးမြတိုက်ကျူးကျော်လုယူနေသလိုဖြစ်နေတယ်လို့ မြေပိုင်ရှင်တွေကဆိုကြပါတယ်။
“လုံခြုံရေးအင်အားအများကြီးနဲ့ မြေတိုင်းနေတာပါ။ မြေပိုင်ရှင်တွေကို အသိပေးတာလည်းမရှိပါဘူး။ လျှော်ကြေးပေးတာလည်းမရှိပါဘူး။ သေနတ်ပြပြီးဒါးမြတိုက်လုယူနေသလိုပါ။ နိုင်ငံတကာက အရေးယူဖြေရှင်းပေးစေချင်ပါတယ်။”လို့ ပေါင်းတုတ်ရွာသားမြေပိုင်ရှင်တဦးက Border News Agency ကိုပြောပါတယ်။
အဲဒီမြေတွေကို ၁၈၉၄ခုနှစ်၊ မြေသိမ်းဥပဒေအတိုင်းသိမ်းမယ်လို့ ULA/AAက တရားဝင်ထုတ်ပြန်ထားပေမယ့် ၁၈၉၄ ခုနှစ်၊မြေသိမ်းအက်ဥပဒေအတိုင်းမဆောင်ရွက်ဘဲ ULA/AA ဟာ ဥပဒေပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေပါတယ်။
အဲဒီမြေတွေကို ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေအတိုင်းကိုင်တွယ်နေတယ်လို့ ULA/AA က ဆိုထားပေမယ့် ဥပဒေအ တိုင်းလုပ်ငန်းစဥ်တွေကို အဆင့်လိုက်မဖြတ်သန်းဘဲ မြေတိုင်းတာမှုကြေညာချိန်ကပင် လျှော်ကြေးကိစ္စကို အဆင့်ကျော်ကာ တဧကသိန်းရှစ်ဆယ်နဲ့ လက်ဦးမှုယူသတ်မှတ်ခဲ့ပါတယ်။
အဲဒါကြောင့် ကာလပေါက်စျေးထက်အဆပေါင်းများစွာနည်းနေတာမို့ မြေပိုင်ရှင်တွေကတော့ တဧကသိန်းရှစ်ဆယ်ဟာလျော်ကြေးကို လက်မခံခဲ့ကြပါဘူး။
ဒါပေမယ့်မြေပိုင်ရှင်တွေကို မြေယာလျှော်ကြေးတပြားတကျပ်မှမပေးဘဲမြေတိုင်းအကွက်ရိုက်တာတွေလုပ်နေတာဟာ မြေပိုင်ရှင်တွေ၊ပြည်သူတွေ၊
နိုင်ငံတကာကိုဂရုမစိုက်ဘဲ လက်နက်အားကိုးပြီး လုပ်ချင်သလိုလုပ်နေကြတာလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်ထောက်ပြကြပါတယ်။
“ဒေါက်တာတင်မာအောင်တို့အကြံပေးတာကို ရှေးသုကဒေါ်ခင်သန်းက အဓိ ကအကောင်အထည်ဖော်နေတာပါ။ အဓိကတော့ မြောက်ဦးကိုယူနက်စကိုဝင်အောင်လုပ်မယ်၊ ယူနက်စကိုဝင်ရင် စစ် တပ်ကလေကြောင်းတိုက်ခိုက်လို့မရဘူးလို့ စည်းရုံးလုပ်နေတာပါ။ အမှန်ကမူးယစ်ရာဇာတွေ ငွေမဲကိုငွေဖြူလုပ်ဖို့ အတင်းအဓမ္မမြေသိမ်းနေတာပါ။ ပါဝင်ပတ်သက်သူအားလုံးနဲ့ ဆက်နွယ်သူအားလုံးကို နိုင်ငံတကာကစုံစမ်းဖော်ထုတ်အရေးယူသင့်ပါတယ်။”လို့ ရခိုင်ကလူ့အခွင့်အရေးလှုပ်ရှားသူတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီမြေတွေကို အာရက္ခတပ်တော်(AA)ရဲ့ဗိုလ်မှူးချုပ်ကျော်ဟန်က ဥက္ကဋ္ဌရာထူးယူထားတဲ့ ဗဟိုမြေယာစီမံခန့်ခွဲရေးကော်မတီမှ ခွင့်ပြုစေခိုင်းတာဖြစ်ပြီး အာရက္ခတပ်တော်(AA)ရဲ့ ဗဟိုထောက် လှမ်းရေးမှဗိုလ်မှူးချုပ်မင်းခန့်ယောက် မခဒေါ်ခင်သန်းက အဓိကလုပ်နေပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးက အကောင်အထည်ဖော်ဆောင်ရွက်နေတာလို့ မြောက်ဦးမြို့ခံတွေက အတည်ပြုပြောကြပါတယ်။
အဲဒီ ၁၈၉၄ ခုနှစ်မြေသိမ်းဥပဒေမှာ ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်အဆင့်တွေရှိပြီး မြေတိုင်း၊ကန့်ကွက်လွှာခေါ်၊စိစစ်၊မြေသိမ်းအမိန့်ထုတ်၊လျှော်ကြေးလို့ခေါ်တဲ့ အဆင့်တွေကိုဖြတ်သန်းရပါတယ်။
အဲဒီ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပဒေအရ လျော်ကြေးပေးတဲ့အခါ မြေရဲ့လက်ရှိ ကာလပေါက်စျေးတင်မကဘဲ(“ကာလပေါက်ဈေး+ဖြစ်ပေါ်လာမယ့်နစ်နာမှုအားလုံး+၁၅ ရာခိုင်နှုန်းနှစ်သိမ့်ကြေး”) ကို ပေါင်းစပ်ပြီး ကော်လိတ္တော်အရာရှိ (Collector)ခရိုင်အုပ်ချုပ်ရေးမှူးက ကွ င်းဆင်းစစ်ဆေးဆုံးဖြတ်ပေးရတာဖြစ်ပါတယ်။
အဲဒီကော်လိတ္တော်ရဲ့ဆုံးဖြတ်ချက်ကို မြေသိမ်းခံရသူက မကျေနပ်ရင်ကော်လိတ္တော်ကိုယ်တိုင်က မြေသိမ်းခံရသူတွေကို တရားရုံးမှာမိမိရလိုတဲ့ လျော်ကြေးပမာဏအတွက် လျှောက်ထားခွင့်ရှိတယ်ဆိုတာကို အသိပေးရပါတယ်။
အဲဒီလိုအသိပေးပြီးနောက်မှာမြေသိမ်းခံရသူတွေက ကော်လိတ္တော်ကို လျှော်ကြေးကိစ္စတရားရုံးကို လွှဲပေးဖို့လျှောက်လွှာတင်ရပါတယ်။
အဲဒီကော်လိတ္ထော်က အမှုကိုတရားရုံးလွှဲပေးပြီး သူကိုယ်တိုင် ဒါမှမဟုတ် သူ့ကိုယ်စားလှယ်ကိုလွတ်လို့ဖြစ်ဖြစ် အမှုရင်ဆိုင်ရပါတယ်။
အဲဒီမြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမြေသိမ်းကိစ္စမှာ ကော်လိတ္ထော်ဘက်က သတ်မှတ်တဲ့လျှော်ကြေးကို မြေပိုင်ရှင်တွေက ကာလပေါက်စျေးထက်အဆမတန်နည်းပါးတာမို့ လက်မခံကြဘူးလို့ တရားဝင်ကန့်ကွက်စာတင်အသိပေးထားပြီးသားဖြစ်ပါတယ်။
အဲဒါကြောင့် မြေပိုင်ရှင်တွေတရားရုံးမှာလျှောက်ထားခွင့်ကို ကော်လိတ္ထော်ဘက်က အကောင်အထည်ဖော်ပေးရမှာပါ။
အဲဒီလိုအကောင်အထည်မဖော်ဘဲ ကာလတန်ကြေးမပေးချင်လို့ သိမ်းဆည်းမယ့်မြေယာတွေကို ခြံတိုင်တွေလာစိုက်ပြီး လက်နက်ကိုင်လုံခြုံရေးတွေနဲ့ အင်အားပြခြိမ်းခြောက်နေတာဟာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမှုနဲ့ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့အဖွဲ့အစည်းခိုင်မာအားကောင်းမှုကို ဆိုးဆိုးဝါဝါးထိခိုက်စေပါတယ်။
အဲဒီဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီဝင်တွေအပါအဝင် အာရက္ခတပ်တော်(A A)တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မိသားစုညီအစ်ကိုတွေ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုကော်မတီဝင်တွေ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအကြီးအကဲတွေ အဓိကနေထိုင်နေကြသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အဓိကရုံးစိုက်ရာမြို့တော်အဖြစ်သတ်မှတ်မှာမို့ အာဏာသိမ်းစစ်တပ်လေကြောင်းရန်ကို နိုင်ငံတကာအကူအညီနဲ့ ကာကွယ်နိုင်အောင်ကြိုးစားပြင်ဆင်နေကြတာလို့ မြောက်ဦးမြို့ခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အောင်ကြိုးစားတာကို နိုင်ငံတကာက လက်ခံနိုင်အောင်နည်း စနစ်တကျကြိုးစားပြင်ဆင်နေတာမဟုတ်ဘဲ အတင်းအဓမ္မမြေသိမ်းနေတာတွေကို နိုင်ငံတကာကလက်မခံတာမို့ မြောက်ဦးယူနက်စကိုဝင်ရေးပြင်ဆင်ကြိုးစားနေမှုတွေတောင်ဆုံးရှူံးသွားနိုင်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။
အဲဒီအပြင်မူလမြေပိုင်ရှင်တွေက မြေ ယာအတွင်းဝင်ရောက်သန့်ရှင်းရေးလုပ်နေတာတွေကို အလုပ်သမားတွေ၊ကားသမားရခိုင်လူမျိုး၊ မြေပိုင်ရှင်မူဆလင်အပါအဝင်အရပ်သားတွေကို အာရက္ခတပ်တော်(AA)စစ်သားတွေ အတင်းအဓမ္မဖမ်းဆီးတာတွေရှိနေတယ်လို့ ဒေသခံပြည်သူတွေက အတည်ပြုပြောကြပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ဗ ဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးဦးကျော်ဇံက မြေသိမ်းမှုတွေနဲ့ပတ်သက်လို့ ၁၈၉၄ ခုနှစ်၊မြေသိမ်းဥပ ဒေကိုအခြေခံထားပြီး အသင့်တော်ဆုံးနည်းလမ်းတွေကို ရွေးချယ်ကျင့်သုံးနေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ၁၈၉၄ ခုနှစ်မြေသိမ်းအက်ဥပဒေအရနစ်နာမှုလျှော်ကြေးပေးရမယ့်ကာလပေါက်စျေးကို မပေးသေးဘဲမြေပိုင်ရှင်တွေကို ခြိမ်းခြောက်အကြပ်ကိုင်နေသလို မြေပုံမြို့နယ်ရှိပုစွန်တာဧကရာချီကိုလည်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဦးလေးတော်စပ်သူ၊တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ်ဦးအောင်သာဝင်းဦးဆောင်းပြီး အတင်းအဓမ္မသိမ်းယူကာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို စခန်းချနေထိုင်ခိုင်းထားပါတယ်။
အဲဒီအာရက္ခတပ်တော်ထိန်းချုပ်နယ် မြေတွေမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (U LA)ရဲ့ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကို ဗိုလ်မှူးချုပ်ကျော်ဟန်ကဥက္ကဋ္ဌ၊ဦးကျော်ဇံကအတွင်းရေးမှူးတာဝန်ယူထားကြပြီးရခိုင်အမျိုးသားပါတီ(ANP) ရဲ့ပေါက်တောမြို့နယ်အမျိုးသားလွှတ် တော်ကိုယ်စားလှယ်ဟောင်းဦးတက်ထွန်းအောင်အပါအဝင်ဦးမောင်ဦးကျော်၊ဦးသာထွန်းရွှေနဲ့တခြားသူတွေဟာပေါ်မတီဝင်တွေအဖြစ်တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။
နောက်ပြီးကျောက်တော်-မြောက်ဦးကားလမ်းဘေးရှိ ကျောက်တော်မြို့ နယ်မှပြည်သူပိုင်မြေယာတွေကို အာရက္ခတပ်တော်(AA)ထောက်လှမ်းရေးမှဗိုလ်မှူးကြီးမင်းခန့်နှုတ်မိန့်နဲ့မြေယာပိုင်တွေကိုတရားဝင်အသိမပေးဘဲ ခြံခတ်သိမ်းယူထားတာတွေလည်းရှိနေတယ်လို့ မြေပိုင်ရှင်တွေက အတည်ပြုပြောကြပါတယ်။
အဲဒီအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူပိုင်မြေယာတွေကို မူလမြေပိုင်ရှင်တွေကို အသိပေးတာ၊ဆွေးနွေးတာ၊လျှော်ကြေးပေးတာမရှိဘဲ ULA/AA က အတင်းအဓမ္မမြေသိမ်းတာတွေရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအတင်းအဓမ္မမြေသိမ်းနေတာတွေဟာ ULA/AA ကိုယ်တိုင်ကျင့်သုံးနေတဲ့မြေသိမ်းဥပဒေနဲ့မညီသလို နိုင်ငံတကာမြေယာမူဝါဒတွေကို ချိုးဖောက်နေတာမို့ ULA/AA ဟာ နိုင်ငံတကာအကူအညီတွေ၊ထောက်ခံမှုတွေကျဆင်းလာပြီး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေခံရလာနိုင်တယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်လေ့လာနေကြသူတွေက သုံးသပ်ပြောဆိုကြပါတယ်။
အဲဒီအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)က တားမြစ်မိန့်ချထားတဲ့ မောင်တောဒေသက ရိုဟင်ဂျာကျေးရွာဟောင်းမြေနေရာတွေကို ULA/AA က စီမံပြုပြုင်အသုံးချနေတာဟာ နိုင်ငံတကာဥပဒေကိုချိုးဖောက်ပြီး လူမျိုးတုန်းသတ် ဖြတ်မှုသက်သေတွေကို ဖျက်ဆီးနေတာမို့ နိုင်ငံတကာဥပဒေအရ ရင်ဆိုင်အ ပြစ်ပေးခံရလာနိုင်တယ်လို့ ရိုဟင်ဂျာအရေးလှုပ်ရှားနေကြသူတွေက ဆိုကြပါတယ်။









