Border News Agency
အာရူးရှား၊ အောက်တိုဘာ ၂၀။
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ရဲ့ ၁၅၃ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို IPU ရဲ့ အဓိကဆွေးနွေးဖက် မိတ်ဖက်အဖြစ် ဆက်လက် အသိအမှတ်ပြုထားရှိဖို့ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။
တန်ဇန်းနီးယားနိုင်ငံ၊ အာရူးရှားမြို့မှာ အောက်တိုဘာလ၅ ရက်မှ ၉ ရက်ထိ ကျင်းပခဲ့တဲ့ ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ညီလာခံအတွင်း ဒေါ်ဇင်မာအောင်ဦးဆောင်တဲ့အဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းတာခံထားရတဲ့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခြေအနေတွေကို တင်ပြခဲ့ကြပါတယ်။
အဲဒီအပြင် တက်ရောက်လာကြတဲ့ နိုင်ငံတကာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သီးခြားစီ တွေ့ဆုံပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေထံ လူသားချင်းစာနာမှုအကူအညီတွေ ရရှိနိုင်ရေးတို့ကိုပါ အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
အာဏာသိမ်းစစ်တပ်က အတုအယောင် လွှတ်တော်နဲ့ အစိုးရ ဖွဲ့စည်းပြီး နိုင်ငံတကာထံမှ အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတာတွေကို တားဆီးနိုင်ရေးအပါအဝင် NUG နဲ့ CRPH တို့ရဲ့ လုပ်ဆောင်ချက်တွေကို နိုင်ငံတကာအသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေးအတွက် တင်ပြဆွေးနွေးခဲ့ကြပါတယ်။












