Border News Agency
ဝီရဌာနီ၊နိုဝင်ဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကို နိုဝင်ဘာလ ၁ ရက်၊ဒီနေ့ မနက်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားငါးဦးဒဏ်ရာရသွားပါတယ်။
အဲဒီဝီရဌာနီမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကို ဒီနေ့ မနက် ၃ နာရီခွဲအချိန်မှ ၄ နာရီကျော်အချိန်ထိ အာဏာသိမ်းစစ်တပ်တပ်က Y-12 နဲ့ ဒရော့ဗုံးသုံးဆယ့်လေးလုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ရွာချောင်းကြီးကျေးရွာမှာ စစ်ဘေးရှောင်နေကြတဲ့ အသက်ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ ဆယ့်လေးနှစ်အရွယ်ဆယ်ကျော်သက်တဦးအပါအဝင် စုစုပေါင်းငါးဦးဒဏ်ရာရရှိခဲ့ကာ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ရတာပါ။
ဒဏ်ရာရသူတွေထဲက အသက်ခုနှစ်ဆယ်အရွယ်ဦးဒါအောင်ကျော်မှာ ဦးခေါင်းကိုဗုံးစထိမှန်ကာပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တာကြောင့် အရေးပေါ်ဆေးကုသမှုခံယူနေရပါတယ်။
အဲဒီဝီရဌာနီမြို့နယ်၊သဝင်ချောင်းကျေးရွာနဲ့ အဝကန်ကျေးရွာကိုအောက်တိုဘာလ ၂၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးဒဏ်ရာရသွားခဲ့ပါတယ်။








