Border News Agency
ရသေ့တောင်၊နိုဝင်ဘာ ၁။
အီကွေတာအနီးရှိအပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်နေတာကြောင့် အားအလွန်ကောင်းတဲ့ အယ်လ်နီညိုအခြေအနေ ဆက်လက်တည်ရှိနေပြီး လာမယ့်နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နဲ့ နိုင်ငံတကာရာသီဥတုဗဟိုဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရ ပစိဖိတ်သမုဒ္ဒရာရဲ့ပင်လယ်ရေမျက်နှာပြင် အပူချိန်ဟာ ပုံမှန်အထက်နှစ်ဒသမငါးဒီဂရီဆဲလ်စီးယပ်ကနေ နှစ်ဒသမ ရှစ် ဒီဂရီဆဲလ်စီးယပ်အထိ ပိုမိုနေတာပါ။
ဒီအယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုနဲ့ မုန်တိုင်းဖြစ်ပေါ်မှုတွေ မူမမှန်တာ၊ လာမယ့်ဆောင်းရာသီနဲ့ နွေရာသီကာလတွေမှာ အပူချိန်တွေမြင့်မားတာနဲ့ မိုးခေါင်ရေရှားတာစတဲ့ အစွန်းရောက်မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
အဲဲဒီအပြင် သောက်သုံးရေနဲ့စိုက်ပျိုးရေပြတ်လပ်တာ၊ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်တာ၊ အပူရှပ်တာနဲ့ရေဓာတ်ခမ်းခြောက်တာစတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေပါကြုံတွေ့ရနိုင်တာကြောင့် သက်ဆိုင်ရာ ကဏ္ဍတွေအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြဖို့အသိပေးထားပါတယ်။
မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေနဲ့လည်း အယ်လ်နီညိုဖြစ်ပေါ်မှုနဲ့ ပတ်သက်တဲ့အခြေအနေတွေကို အချိန်နဲ့တပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမယ်လို့ ဆိုပါတယ်။








