Border News Agency
မကွေး၊နိုဝင်ဘာ ၁။
မကွေးတိုင်း၊ယောဒေသ ဆောမြို့နယ် အနောက်ခြမ်းရှိနေရာတခုကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေအပြင် ကာမီကာဇေအသေခံဒရုန်းတွေကိုပါအသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဆောမြို့နယ် အနောက်ခြမ်းကိုအောက်တိုဘာလ ၃၁ ရက်၊ညနေပိုင်းမှာ မိတ္ထီလာရှမ်းတဲလေတပ်က ပျံသန်းလာတဲ့ FTC-2000G တိုက်လေယာဥ်တစ်စီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့သလို ဆောမြို့ပေါ်ရှိစစ်တပ်ကလည်း အသေ
ခံဒရုန်းနှစ်စီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်တဲတလုံးမီးလောင်ပျက်စီးခဲ့ပြီး အမျိုးသားတဦးလက်မောင်းမှာ ဗုံးစပွတ်ရှဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင် စစ်ဘေးရှောင်တွေမွေးမြူထားတဲ့ ဝက်ငါးကောင်သေဆုံးခဲ့ပြီး မော်တော်ယာဉ် တစီးလည်းပျက်စီးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးလှုပ်ရှားမှုမရှိတဲ့အရပ်သား ပြည်သူတွေနေထိုင်ရာနေရာတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ပိုမိုသတိထားနေထိုင်ကြဖို့နှိုးဆော်ထားပါတယ်။










