Border News Agency
နမ့်ဆန်၊ နိုဝင်ဘာ ၂ ။
ရှမ်းပြည်၊နမ့်ဆန်မြို့နယ်မှာယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုတွေကြောင့် အောက်တိုဘာတလအတွင်း တဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က နမ့်ဆန်မြိုအဝင်လက်ဖက်စက်ရုံအောက် ပန်စပိန်လမ်းကုန်းအတက်မှာ မတက်နိုင်ဘဲနောက်ပြန်လိမ့်ကျကာ လမ်းဘေးချောက်သို့ ထိုးကျတိမ်းမှောက်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးသွားခဲ့ပြီး နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင် အောက်တိုဘာလ ၉ရက်နေ့လည်း နမ့်ဆန်မြို့သို့ပို့ဖို့အတွက် ဆန်အိတ်တင်ဆောင်မောင်းနှင်လာတဲ့ကားတစီးဟာ ပန်စမိန်းကျေးရွာအောက်ရှိ ချောင်းအတက်နေရာမှာ ကားဘရိတ်ပေါက်ကာလမ်းဘေးချောက်သို့ ထိုးကျတိမ်းမှောက်ခဲ့လို့ အမျိုးသားသုံးဦးဒဏ်ရာသွားခဲ့ပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့လည်း အသက်သုံးဆယ်ရှစ်နှစ်အရွယ်ဦးအောင်မန်မောင်းနှင်လာတဲ့ဆိုင်ကယ်ဟာ နမ့်ဆန်မြို့ရှိ ကျောက်မဲလမ်းခွဲအနီးရပ်ထားတဲ့ကားကိုဝင်တိုက်တာကြောင့် ဦးအောင်မန်မှာဘယ်ခြေထောက်၊ လက်နဲ့ ခန္ဓာကိုယ်အနှံ့မှာပြင်းထန်ဒဏ်ရာရသွားခဲ့ပါတယ်။
ဆိုင်ကယ်၊ယာဉ်မောင်းနှင်ပြည်သူတွေအနေနဲ့ ယာဉ်ရဲ့ဘရိတ်နဲ့အခြားအရေးကြီးအစိတ်အပိုင်းတွေကို ပုံမှန်စစ်ဆေးတာ၊ တောင်ကုန်းအတက်အဆင်းတွေမှာ အထူးသတိပြုမောင်းနှင်ဖို့နဲ့ သတ်မှတ်ထားတဲ့အမြန်နှုန်းကိုလိုက်နာပြီး လမ်းအခြေအနေကိုသတိပြုအရှိန်လျှော့မောင်းနှင်ဖို့လိုအပ်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးမှအသိပေးထားပါတယ်။











