Border News Agency
မောင်တော၊ နိုဝင်ဘာ ၄။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့ လူမျိုးသုဉ်းစေမှု (ဂျီနိုဆိုက်) ဆိုင်ရာအမှုနဲ့ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အမိန့်ချမှတ်သွားမှာဖြစ်ပါတယ်။
အဲဒီအမိန့်ကို နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်မှာ နိုဝင်ဘာလ ၁၉ ရက်၊ မနက် ၁၀ နာရီမှာ လူထုရှေ့မှောက်ကျင်းပသွားမှာဖြစ်ပြီး ICJ တရားရုံး ဥက္ကဋ္ဌတရားသူကြီး Iwasawa Yuji က တရားရုံးရဲ့ အမိန့်ကို ဖတ်ကြားသွားမှာဖြစ်ပါတယ်။
အဲဒီဂမ်ဘီယာနိုင်ငံဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်ကွန်ဗင်းရှင်းပါ တာဝန်တွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး ICJ တရားရုံးမှာ စတင် အမှုဖွင့် တိုင်ကြားခဲ့သလို ရိုဟင်ဂျာတွေအတွက် နစ်နာကြေးပေးဖို့နဲ့ နောက်ထပ် မကျူးလွန်ဖို့ အာမခံချက်တောင်းဆိုထားတာပါ။
အဲဒီနောက် ICJ တရားရုံးက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံအတွက် ယာယီ အရေးယူဆောင်ရွက်ဖို့ အမိန့်တွေထုတ်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှာ မြန်မာက ကန့်ကွက်ချက်တွေကိုပယ်ချကာ အမှုကို တရားရုံးမှာ ဆက်စစ်ဆေးပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီလိုစစ်ဆေးစီရင်တဲ့နေရာမှာ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ မော်လဒိုက်၊ စလိုဗေးနီးယား၊ ကွန်ဂို၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန်စတဲ့ နိုင်ငံ ၁၁ နိုင်ငံကကြားဝင် ပါဝင်ထားကြပါတယ်။






