Border News Agency
နေပြည်တော်၊နိုဝင်ဘာ ၁၁။
မြန်မာနဲ့အိန္ဒိယနှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့စီးပွားရေး ပူးပေါင်းဆောင်ရွက်နေမှုတွေကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံ
အမတ်ကြီး Mr. Abhay Thakur တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အဲဒီတွေ့ဆုံပွဲသို့ အိန္ဒိယ-မြန်မာ ကုန်သည်စက်မှုအသင်း၊ပင်လယ်ရပ်ခြားစိုက်ပျိုးရေးကုန်သည်တွေအသင်း၊ မြန်မာ-အိန္ဒိယ စီးပွားရေး
ကောင်စီနဲ့အိန္ဒိယဆမားဂျ်တို့မှ ကိုယ်စားလှယ်တွေလည်းတက်ရောက်ခဲ့ကြတာပါ။
တွေ့ဆုံစဉ်အတွင်းစိုက်ပျိုးရေး၊ မျိုးစေ့၊ ဆေးဝါး၊ လျှပ်စစ်ဓာတ်အား၊ နေရောင်ခြည်စွမ်းအင်၊ ပညာရေးနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတွေအပါအဝင်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် အိန္ဒိယသံအမတ်ကြီးက ဇေယျဝတီ၊ကျောက်တံခါးနဲ့ ဖြူးမြို့နယ်တို့အပါအဝင် ပဲခူးတိုင်းရှိ အိန္ဒိယနွယ်ဖွားတွေရဲ့လူဦးရေဆိုင်ရာကဏ္ဍဟာ နှစ်နိုင်ငံကြားအရေးပါတဲ့ ယဉ်ကျေးမှု ဆက်နွယ်မှုတခုဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ခုလိုနှစ်နိုင်ငံဆွေးနွေးမှုတွေနဲ့အတူ ကုန်သွယ်ရေးနဲ့စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လက်တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။







