အင်တာဗျူး
Border News Agency
မောင်တော ၊နိုဝင်ဘာ ၂၃။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) စီရင်ချက် ထွက်ပေါ်လာပြီးနောက် အာရက္ခဒေသရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ပြန်လည်လက်ခံရေးနဲ့ အနာဂတ်နိုင်ငံရေးအခြေအနေတွေအပေါ် သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။
လက်ရှိကာလမှာ ဒုက္ခသည်ပြန်လည်လက်ခံရေးနဲ့ လူမှုအသိုင်းအဝိုင်းကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အားလုံးပါဝင်နိုင်တဲ့ဥပဒေမူဘောင်တွေနဲ့ အာမခံချက်တွေလိုအပ်နေတယ်လို့ ရှုမြင်ချက်တွေရှိနေပါတယ်။
အဲဒီအကြောင်းတွေကို အာရက္ခပြည်သူတဦးဖြစ်တဲ့ ကိုထွန်းလင်းက Border News Agency ကို ပြောပြထားပါတယ်။
“ကျွန်တော့်အမြင်အရဒီဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ၂၀၁၇ ခုနှစ်ကကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားမျှတမှုဖော်ဆောင်ရေးမှာ အရေးကြီးတဲ့ သမိုင်းမှတ်တိုင်တခုဖြစ်ပါတယ်။
ICJ က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့၊ ကျူးလွန်သူတွေကိုအရေးယူဖို့ တာဝန်တွေကိုချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ထားပါတယ်။
ဒါဟာ ရိုဟင်ဂျာတွေကြုံတွေ့ခဲ့ရတဲ့ ဆုံးရှုံးမှုနဲ့ နစ်နာမှုတွေကို နိုင်ငံတကာဥပဒေအရ အသိအမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီဆုံးဖြတ်ချက်ကို လူမျိုးတမျိုး၊ ဘာသာတခုအပေါ် နိုင်ငံရေးအရ ရှုမြင်တာမျိုးမဖြစ်သင့်ပါဘူး။လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ လူသားမျိုးနွယ်တခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တဲ့အတွက် ဘယ်သူကကျူးလွန်သည်ဖြစ်စေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရပါမယ်။
တဖက်မှာလည်း ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအတွက်သာမက အာရက္ခဒေသရဲ့ နိုင်ငံရေးအနာဂတ်အတွက်ပါ အရေးကြီးတဲ့သက်ရောက်မှုတွေရှိလာနိုင်ပါတယ်။
အထူးသဖြင့်ဒေသတခုကို အုပ်ချုပ်နိုင်စွမ်းရှိခြင်းဟာ နိုင်ငံရေးအရအရေးကြီးသလို အဲဒီဒေသမှာရှိတဲ့ လူမျိုးဘာသာမရွေးပြည်သူအားလုံးရဲ့ အခွင့်အရေးကိုအကာအကွယ်ပေးနိုင်စွမ်းရှိခြင်းကလည်း အလွန်အရေးကြီးပါတယ်။
ကျွန်တော်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို မိမိတို့ရဲ့ မူလနေရပ်ဒေသတွေမှာ ပြန်လည်နေထိုင်ခွင့်ရရှိရေးကိုအခြေခံအားဖြင့်ထောက်ခံပါတယ်။
ဒါပေမယ့်ပြန်လည်လက်ခံရေးဆိုတာ လူဦးရေပြန်လည်ပို့ဆောင်ရေးတခုတည်းနဲ့ ပြီးဆုံးသွားတဲ့ကိစ္စ မဟုတ်ပါဘူး။အဓိကက သူတို့ရဲ့ ဆန္ဒအလျောက်ပြန်လာနိုင်ဖို့၊ လုံခြုံမှုရှိဖို့၊ လူ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်နိုင်ဖို့နဲ့ နေရပ်ပြန်ရောက်တဲ့အခါထပ်မံပြီး ခွဲခြားဆက်ဆံခံရတာ၊ အကြမ်းဖက်ခံရတာမျိုးမရှိစေဖို့ အာမခံချက်တွေလိုအပ်ပါတယ်။
အဲဒီအပြင် နိုင်ငံသားဖြစ်ခွင့်၊ တရားဝင်အထောက်အထား၊ လွတ်လပ်စွာသွားလာခွင့်၊ ပိုင်ဆိုင်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုပါ ဖြေရှင်းပေးရမှာဖြစ်ပါတယ်။
တဖက်မှာလည်း အာရက္ခဒေသဟာ နှစ်ပေါင်းများစွာ စစ်ပွဲနဲ့ ပဋိပက္ခတွေကြောင့် လူမှုစီးပွားရေးအရ အလွန်အမင်း ထိခိုက်ပျက်စီးနေတဲ့ ဒေသဖြစ်ပါတယ်။
ဒေသခံအာရက္ခဒေသခံပြည်သူတွေ၊ ရိုဟင်ဂျာတွေ၊ အခြားတိုင်းရင်းသားအသိုင်းအဝိုင်းတွေအားလုံးမှာ ကိုယ်စီနစ်နာမှုတွေရှိနေကြပါတယ်။
ဒါကြောင့် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ဟာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးနဲ့ လူမှုစီးပွားရေးအခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။
ပြန်လည်လက်ခံရေးကို ဒေသခံတွေရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီးအတင်းအကျပ်လုပ်ဆောင်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ကျွန်တော်တို့လိုချင်တာက လူတစ်စုကို ပြန်ပို့တာ၊ လက်ခံတာထက်လူမျိုးဘာသာမရွေး အားလုံးလုံခြုံစွာ၊ တန်းတူညီမျှစွာနေထိုင်နိုင်တဲ့ အခြေအနေတစ်ခုကိုတည်ဆောက်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်မြင်တာက ICJ ဆုံးဖြတ်ချက်ဟာ အာရက္ခဒေသအပေါ် အဓိကအားဖြင့် နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာဆက်ဆံရေးဆိုတဲ့ ကဏ္ဍသုံးခုမှာသက်ရောက်မှုရှိလာနိုင်ပါတယ်။
ပထမအချက်က နိုင်ငံရေးအရပါ။ လက်ရှိ အာရက္ခဒေသမှာ ULA/AA က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ အာဏာတွေကို ကျယ်ပြန့်စွာ ကျင့်သုံးနေပါတယ်။
ဒီလိုအခြေအနေမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာရက္ခဒေသကို ဘယ်သူကထိန်းချုပ်ထားသလဲဆိုတာတခုတည်းကိုသာကြည့်မှာမဟုတ်ဘဲ အဲဒီအာဏာကိုဘယ်လိုကျင့်သုံးသလဲ၊ ဒေသတွင်းလူမျိုးစုအားလုံးရဲ့ အခွင့်အရေးကို ဘယ်လိုအကာအကွယ်ပေးသလဲဆိုတာကိုပါ ပိုမိုစောင့်ကြည့်လာနိုင်ပါတယ်။
ဒုတိယအချက်က လူ့အခွင့်အရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာကိစ္စပါ။ရိုဟင်ဂျာပြဿနာဟာ အာရက္ခဒေသရဲ့ အနာဂတ်အုပ်ချုပ်ရေးနဲ့ ခွဲခြားထားလို့မရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။
နိုင်ငံသားဖြစ်ခွင့်၊ နေရပ်ပြန်ခွင့်၊ ပိုင်ဆိုင်မှုအခွင့်အရေး၊ သွားလာခွင့်နဲ့ နိုင်ငံရေးပါဝင်ခွင့်တွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာဟာ အနာဂတ်အုပ်ချုပ်ရေးစနစ်ရဲ့ အရည်အသွေးကို ဆုံးဖြတ်မယ့် အချက်တွေ ဖြစ်လာပါလိမ့်မယ်။
တတိယအချက်က နိုင်ငံတကာဆက်ဆံရေးပါ။ အာရက္ခဒေသဟာ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေသလို ဘင်္ဂလားပင်လယ်အော်ရဲ့ ပထဝီနိုင်ငံရေးအရလည်း အရေးပါတဲ့ဒေသဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဖြေရှင်းနိုင်ခြင်း၊ လူ့အခွင့်အရေးကို အာမခံနိုင်ခြင်းဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအပြင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဆက်ဆံရေးမှာလည်း အရေးကြီးလာပါလိမ့်မယ်။
ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို အာရက္ခဒေသအတွက် ဖိအားတခုအဖြစ်သာ မမြင်ဘဲ အနာဂတ်နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ဖို့ စိန်ခေါ်မှုတစ်ခုအဖြစ် မြင်ပါတယ်။
လက်ရှိ ULA အုပ်ချုပ်ရေးယန္တရားမှာ တရားစီရင်ရေးနဲ့ ဥပဒေကျင့်သုံးရေးဆိုင်ရာ အဖွဲ့အစည်းတွေရှိနေပြီဆိုတာကို တွေ့ရပါတယ်။ဒါပေမယ့် အဲဒီအချက်နဲ့ လူမျိုးဘာသာမရွေးတန်းတူအခွင့်အရေးကို အာမခံပေးနိုင်တဲ့ပြည့်စုံတဲ့ ဥပဒေစနစ်တခုရှိနေပြီလို့ သတ်မှတ်လို့မရသေးပါဘူး။
ကျွန်တော့်အမြင်အရငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ ရှိရုံနဲ့ မလုံလောက်ပါဘူး။ လူမျိုး၊ ဘာသာ၊ ယုံကြည်ကိုးကွယ်မှု မတူညီမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံမှုမရှိစေရေး၊ လူတိုင်းရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရေး၊ တရားမျှတမှုရရှိရေးနဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေမှာ ပါဝင်ခွင့်ရရှိရေးတို့ကို ဥပဒေအရအာမခံပေးဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ တရားဝင်အထောက်အထားဆိုင်ရာ ပြဿနာ၊ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေးမျှော်မှန်းချက်နဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးတွေကိုလည်း တပြိုင်တည်း ဖြေရှင်းပေးနိုင်တဲ့ ဥပဒေမူဘောင်တခု လိုအပ်ပါတယ်။
ကျွန်တော်ထင်တာက အာရက္ခဒေသမှာငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် လူမျိုးစုတစုရဲ့ အင်အားနဲ့နောက်တစုကိုထိန်းချုပ်ထားတဲ့ပုံစံမျိုး မဖြစ်သင့်ပါဘူး။
ဥပဒေရှေ့မှောက်မှာ အားလုံးတန်းတူညီမျှမှုရှိပြီး တစ်ဦးရဲ့အခွင့်အရေးကို တဦးကလေးစားလိုက်နာရတဲ့ စနစ်မျိုးဖြစ်ဖို့လိုပါတယ်။ကျွန်တော်ကတော့ နောက်ထပ်ပဋိပက္ခတွေဖြစ်ပေါ်လာနိုင်ခြေကို စိုးရိမ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အာရက္ခဒေသမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား စစ်ရေးပဋိပက္ခသက်သက်မဟုတ်ဘဲ သမိုင်းကြောင်းဆိုင်ရာမကျေလည်မှုတွေ၊ နိုင်ငံရေးအရခွဲခြားဆက်ဆံခံရမှုတွေ၊ နိုင်ငံသားဖြစ်ခွင့်ပြဿနာတွေနဲ့ လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေခံတဲ့ အပြန်အလှန်မယုံကြည်မှုတွေပါ ရောယှက်နေတဲ့အတွက်ဖြစ်ပါတယ်။
ဒီပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားတွေကို မဖြေရှင်းနိုင်ဘူးဆိုရင် လက်ရှိစစ်ပွဲတွေရပ်တန့်သွားရင်တောင် နောင်တစ်ချိန်မှာလူမှုအသိုင်းအဝိုင်းအတွင်း ပဋိပက္ခအသစ်တွေပြန်လည်ဖြစ်ပေါ်လာနိုင်ပါတယ်။
အထူးသဖြင့်လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းစကားတွေ၊ သတင်းမှားတွေ၊ နိုင်ငံရေးအကျိုးစီးပွားအတွက် လူမျိုးရေးပဋိပက္ခတွေကို အသုံးချတာတွေဟာ အလွန်အန္တရာယ်များပါတယ်။
ဒါ့အပြင် တရားမျှတမှုမရရှိခြင်း၊ ပိုင်ဆိုင်မှုဆုံးရှုံးခြင်းနဲ့ လုံခြုံမှုမရှိခြင်းတွေကလည်း လူမှုအသိုင်းအဝိုင်းကြား မကျေလည်မှုတွေကို ပိုမိုနက်ရှိုင်းစေနိုင်ပါတယ်။
ဒါကြောင့် အနာဂတ်အာရက္ခဒေသမှာ ပဋိပက္ခတွေထပ်မံမဖြစ်ပွားစေချင်ဘူးဆိုရင် စစ်ရေးအောင်မြင်မှုတခုတည်းနဲ့ မလုံလောက်ပါဘူး။
နိုင်ငံရေးအရအားလုံးပါဝင်နိုင်တဲ့ စနစ်တစ်ခု၊ လွတ်လပ်ပြီး တရားမျှတတဲ့တရားစီရင်ရေးစနစ်တစ်ခုနဲ့ လူမျိုးဘာသာမရွေးအားလုံးရဲ့ အခွင့်အရေးကို အာမခံပေးနိုင်တဲ့ အုပ်ချုပ်ရေးစနစ်တခုကို တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်အလေးအနက်ပြောချင်တာက အာရက္ခဒေသရဲ့ အနာဂတ်ဟာ ရခိုင်လူမျိုးတမျိုးတည်းရဲ့ အနာဂတ်မဟုတ်ပါဘူး။ ဒီဒေသမှာ အတူနေထိုင်ကြတဲ့ လူမျိုးစုအားလုံးရဲ့ အနာဂတ်ဖြစ်ပါတယ်။
အဲဒီအနာဂတ်ကိုတည်ဆောက်တဲ့အခါ တဖက်လူမျိုးစုရဲ့နာကျင်မှုနဲ့နစ်နာမှုတွေကို အသိအမှတ်ပြုဖို့၊ အပြန်အလှန်လေးစားဖို့နဲ့ တရားမျှတမှုကိုအခြေခံဖို့လိုအပ်ပါတယ်။”








