အင်တာဗျူး
Border News Agency
ကျောက်တော်၊ နိုဝင်ဘာ ၂၇။
ပဋိပက္ခကာလအတွင်း ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) ခံရသူတွေအတွက် ကူညီစောင့်ရှောက်မှုပေးရာမှာ မြေပြင်လုံခြုံရေး စိန်ခေါ်မှုတွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ လုံခြုံတဲ့ ချိတ်ဆက်ကူညီမှု ယန္တရားတွေ တည်ဆောက်ဖို့ လိုအပ်ချက်တွေအကြောင်း ဆရာမ ဒေါ်ခင်လေးက အင်တာဗျူးမှာ ဆွေးနွေးပြောပြထားပါတယ်။
“သာမန်တည်ငြိမ်တဲ့အခြေအနေမှာတောင် ကျွန်မတို့လုပ်ရတာ အများကြီး အခက်အခဲရှိပါတယ်။ဧရာဝတီတိုင်းဘက်မှာ၊ မကွေးတိုင်းဘက်မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ကူညီစောင့်ရှောက်မှုတွေကို အများကြီးလုပ်ခဲ့ဖူးပါတယ်။
ဆရာမ ဒေါ်ညိုအေး ပြောသလိုပဲ ကြားဝင်ဆောင်ရွက်ပေးတဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ လုံခြုံရေးပါ စိုးရိမ်ရပါတယ်။ နစ်နာသူရဲ့ လုံခြုံရေးတွေတင် မဟုတ်ဘဲ ကြားဝင်ဆောင်ရွက်ပေးတဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ လုံခြုံရေးပါ အထူးစိုးရိမ်ရတဲ့ အခြေအနေတွေ ရှိခဲ့ပါတယ်လို့ ဆရာမဒေါ်ခင်လေးက ပြောပါတယ်။
ဒီလိုမျိုး ပဋိပက္ခအခြေအနေတွေမှာ ဆိုရင်တော့ ပိုပြီး ဆိုးပါတယ်။ ဥပဒေအရလည်း မရေရာဘူး၊ အုပ်ချုပ်ရေးပိုင်းမှာလည်း အားနည်းနေတာဖြစ်တဲ့အတွက် ကူညီပံ့ပိုးမှု အစီအစဉ်တွေကလည်း ဘယ်လောက်ရမယ်ဆိုတာ မသေချာပါဘူး။
ဒါပေမယ့်လည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကအရေးကြီးပါတယ်။ အထူးသဖြင့် လူထုနဲ့ နီးစပ်နေတဲ့ အမျိုးသမီးအဖွဲ့တွေက အမျိုးသမီးတွေရဲ့ လိုအပ်ချက်ကိုပိုသိပါတယ်။
အမျိုးသမီးအဖွဲ့အစည်းတွေကို သာမန်ဝန်ဆောင်မှုပေးတဲ့သူတွေလို့ မမြင်သင့်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်မတို့ဟာ မူဝါဒချမှတ်တဲ့သူတွေ၊ ရေးဆွဲတဲ့အထဲမှာ ပါဝင်တဲ့သူတွေ၊ စောင့်ကြည့်လေ့လာမှုတွေနဲ့ တရားမျှတမှုကို ဖော်ဆောင်တဲ့နေရာမှာ အဓိပ္ပာယ်ရှိရှိ ပါဝင်ခွင့်ရှိရမယ်ဆိုတာ ပြည်သူလူထုကို အသိပေးချင်ပါတယ်။
နောက်တခါ အဖွဲ့အစည်းတွေကြားမှာလည်း လုံခြုံတဲ့ချိတ်ဆက်ကူညီမှု ယန္တရား (referral network) တခု တည်ဆောက်ထားဖို့ လိုပါတယ်။ အမျိုးသမီးအစုတဖွဲ့တည်း၊ ချိတ်ဆက်မှုတခုတည်းနဲ့ လုပ်လို့ မရပါဘူး။
ဒေသအလိုက် ကျန်းမာရေးဆောင်ရွက်တဲ့အဖွဲ့၊ ကျောင်းပညာရေး ဆောင်ရွက်တဲ့အဖွဲ့၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားမှု လုပ်တဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ကွန်ရက်တွေကနေသွားပြီး ချိတ်ဆက်လုပ်ဆောင်ဖို့ လိုပါတယ်။
ဒါမှသာ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်နိုင်တဲ့ဟာတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာဖြစ်ပါတယ်။
ပဋိပက္ခအတွင်းမှာ တိုင်းရင်းသားမဟာမိတ်ဒေသတွေနဲ့ တခြားဒေသတွေဟာ တော်လှန်ရေးနဲ့ ပဋိပက္ခဖြစ်ပုံချင်း မတူတဲ့အခါ တနေရာနဲ့တနေရာ တူညီမှုရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စိန်ခေါ်မှုများတယ်ဆိုပြီး မကြိုးစားဘဲ လက်လျှော့ထားလို့ မရပါဘူး။
အုပ်ချုပ်ရေးတွေ၊ ပြည်သူ့ဝန်ဆောင်မှုတွေကို စတင်နေပြီး အခြေတည်နေတဲ့ နေရာတွေမှာ စတင်ကတည်းက စနစ်တည်ဆောက်တဲ့အခါ အမျိုးသမီးတွေနဲ့ ထိခိုက်နစ်နာသူတွေအတွက် ထည့်စဉ်းစားပြီး မူဝါဒတွေ၊ အစီအမံတွေ ထည့်လုပ်ထားမယ်ဆိုရင် ပိုပြီးအဆင်ပြေမယ်လို့ ယူဆပါတယ်။
မလုပ်နိုင်ဘူးဆိုတာမျိုးထက် လုပ်ဖို့စစဉ်းစားပြီး အကောင်အထည်ဖော်နိုင်အောင် ဥပဒေတွေ၊ မူဝါဒတွေ အရင်လုပ်မယ်ဆိုရင် အမျိုးသမီးတွေအတွက် စိတ်ချလုံခြုံဘေးကင်းတဲ့ အခြေအနေတခုကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ပါတယ်။”










