Border News Agency
ဩစတြေးလျ၊ ဇူလိုင် ၁၈။
နိုင်ငံကျော်အဆိုတော် ဖြူဖြူကျော်သိန်းက ဩစတြေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေကနေ ရရှိတဲ့ ရံပုံငွေတွေထဲကနေ မြန်မာကျပ်ငွေ သိန်းတစ်ထောင့်တစ်သိန်းနဲ့ညီမျှတဲ့ ဩစတြေးလျဒေါ်လာ ၃၅,၀၀၀ ကို အာရက္ခဒေသမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းလိုက်ပါတယ်။
“ကမ္ဘာတစ်ဝှမ်းက ပရိတ်သတ်တွေ ဂုဏ်ယူဝင့်ကြွားလို့ရအောင် နွေဦးတော်လှန်ရေးမှာ ယခုထက်ပိုပြီး အင်တိုက်အားတိုက်ဆက်လက်ပါဝင်လာနိုင်အောင် ဖြူဖြူ့ရဲ့ Phyu Phyu In Sydney concert မှ ရရှိလာတဲ့လူသားချင်းစာနာထောက်ပို့ရံပုံငွေစီးဆင်းမှုလေးကို အများနဲ့ မျှဝေပေးခြင်း ဖြစ်ပါတယ်” လို့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ ရံပုံငွေရှာဖွေရေးအဖွဲ့က ဖေ့စ်ဘွတ်လူမှုကွန်ရက်ကနေ ဇူလိုင်လ ၁၇ ရက် မနေ့က ရေးသားထားပါတယ်။
အာရက္ခတပ်တော်(ULA/AA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းရေးရုံး (HDCO)ကလည်း အခုလိုလှူဒါန်းမှုအပေါ် ကျေးဇူးတင်ကြောင်း ဇူလိုင်လ ၁၆ ရက်နေ့က ဂုဏ်ပြု မှတ်တမ်းလွှာ ပေးပို့ခဲ့ပါတယ်။
အဆိုတော်ဖြူဖြူကျော်သိန်းဟာ ဩစတြေးလျနိုင်ငံ Sydney နဲ့ Melbourne မြို့တွေမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေကနေ ရရှိလာတဲ့ ကျပ်သိန်း ၈၆၀၀ နီးပါးကို မြန်မာပြည်က စစ်ဘေး၊ ငလျင်ဘေး ဒုက္ခသည်တွေနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။






