မြတ်နှင်းဝေ ရေးတယ်။
Border News Agency
မြောက်ဦး၊ သြဂုတ် ၂၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ ခိုးမှု၊ လုယက်မှု၊ ဓါးပြတိုက်သတ်ဖြတ်မှု၊ အဓ္ဓမပြုကျင့်မှု၊ အဓ္ဓပြုကျင့်ဖို့ကြံစည်မှုတွေ မကြာခဏတွေ့လာရပြီး ပြစ်မှုကျူးလွန်သူတရားခံတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်တာ များများစားစားမတွေ့ရဘူးလို့ အာရက္ခပြည်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။
အဲဒီအမှုအများစုမှာ တရားခံဖော်ထုတ်ဖမ်းဆီးအရေးယူအပြစ်ပေးနိုင်တာတွေမရှိဘဲ အမှုတချို့မှာသာသံသယတရားခံအများအပြားကို စုပြုံဖမ်းဆီးပြီး ကာလရှည်ကြာစစ်ဆေးမှုတွေ လုပ်နေတာတွေ့ရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအမှုအခင်းတွေ ပိုများလာတာ၊တရားခံတွေကို ဖမ်းဆီးအရေးမယူနိုင်တာတွေဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ ရဲဝန်ထမ်းတွေ၊ တရားရေးဝန်ထမ်းတွေအရည်အချင်းပြည့်မီမှုအားနည်းတာ၊ ရဲဝန်ထမ်းအင်အားလောက်ငှမှုမရှိတာကြောင့်ဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ရဲဌာနအရာရှိတွေက မှတ်ချက်ပြုထောက်ပြကြပါတယ်။
ကျောက်တော်မြို့နယ်၊ ပြိန်းချောင်းရွာမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၄ ရက်နေ့ကဖြစ် ပွားခဲ့တဲ့ဓါးပြတိုက်၊ လူသတ်မှုမှာလည်း ကျူးလွန်သူတရားခံကို အတိအကျမဖော်ထုတ်နိုင်သေးဘဲ သံသယရှိသူတဦးကိုသာ ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်တယ်လို့ ကျောက်တော်ဒေသခံတွေက ဆိုကြပါတယ်။
မင်းပြားမြို့နယ်၊ ဖားပြိုရွာမှာပြီးခဲ့တဲ့ မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့အသက်ကိုးနှစ်အရွယ်အမျိုးသမီးငယ်တဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှုမှာလည်းတရားခံကိုဖော်ထုတ်အရေးယူနိုင်တာမရှိသေးဘဲ သံသယရှိသူရှစ်ဦးကိုသာ စစ်ဆေးနေရဆဲဖြစ်ပြီးအမှုကြန့် ကြာနေကြောင်း မိသားစုဝင်တွေကဆိုကြပါတယ်။
မြေပုံမြို့နယ်၊ လွန်းလုံးပိုက်ရွာမှစစ်ရှောင်အမျိုးသမီးငယ်တဦးကိုအဓမ္မပြုကျင့်ဖို့ကြိုးစားပြီး ရိုက်နှက်ဆဲဆိုခဲ့သူကိုလည်း တနှစ်ကျော်ကြာထိ ပြစ်ဒဏ်ချမှတ်အရေးယူနိုင်တာမရှိသေးဘူးလို့ ပြ ည်သူတွေက ဆိုကြပါတယ်။
အဲဒီအမှုတွေဟာ ပြည်သူ့လုံခြုံရေး၊ ငြိဝပ်ပိပြားရေး၊ တရားဥပဒေစိုးမိုးရေးအတွက်ရည်ရွယ်ဖွဲ့စည်းထားတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲတပ်ဖွဲ့ရဲ့ ဥပဒေစိုးမိုးရေးဆောင်ရွက်မှုအားနည်းတာ၊အမှုအခင်းတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ လက်နှေးတာ၊ အရည်အချင်းမပြည့်မီကြတာ၊ ဘက်လိုက်တာတွေကြောင့်ဖြစ်တယ်ဆိုတာ သိသာထင်ရှားစေတယ်လို့ ပြည်သူတွေက ထောက်ပြကြပါတယ်။
အာရက္ခအစိုးရရဲတပ်ဖွဲ့စတင်ဖွဲ့စည်းခဲ့ပုံ
အာရက္ခဒေသမှာအာရက္ခတပ်တော်ဟာ နယ်မြေစိုးမိုးထိန်းချုပ်မှုတွေစရှိလာခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊စစ်သားတွေက ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ၊တရားခံဖမ်းဆီးတာတွေ၊တခြားရဲလုပ်ငန်းတွေကို ကိုင်တွယ်ခဲ့ကြပါတယ်။
အဲဒီနောက် ထိန်းချုုပ်နယ်မြေတွေ ပိုများလာချိန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ဆန်းပိုင်းမှာတော့ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေကို ရဲအသွင်ပြောင်းပြီး ပြည်သူ့ရဲတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီရဲတပ်ဖွဲ့ကို အရင်အစိုးရအဆက်ဆက်ရဲဌာနမှာအဆင့်မြင့်အရာရှိအဖြစ် တာဝန်ထမ်းခဲ့သူတဦးက ရဲချုပ်တာဝန်ယူပြီး ဦးစီးကိုင်တွယ်နေပါတယ်။
အဲဒီရဲလုပ်ငန်းတွေကို ပထမအစတုန်းကစစ်ဖက်ဆိုင်ရာတပ်သားတွေနဲ့ရဲလု ပ်ငန်းစတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရဲလုပ်ငန်းအတွေ့အကြုံရှိ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့သင်တန်းပေးမှုတွေ၊အ ရပ်ဖက်ကလာတဲ့လူငယ်တွေကို ရဲတပ် ဖွဲ့ဝင်တွေအဖြစ် ခန့်အပ်တာဝန်ပေးလာခဲ့ပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်၀မြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အလုံးစုံသိမ်း ပိုက်ထိန်းချုပ်ပြီးချိန်မှာတော့ မြို့ပေါ်အပါအဝင်နယ်မြေ၊ တိုက်နယ်တွေမှာ
နယ်မြေရဲစခန်းတွေဖွင့်ပြီး ရဲတပ်ဖွဲ့ဝင်တွေချထားကာ ပြည်သူ့လုံခြုံရေး၊ ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ တိုးလုပ်လာခဲ့တာတွေ့ရပါတယ်။
အဲဒီရဲတပ်ဖွဲ့ကိုလည်း ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS) လို့ နာမည်ပြောင်းသုံးစွဲခေါ်ဝေါ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့အင်အားလောက်ငှရဲ့လား
အာရက္ခဒေသမှာ ရဲသင်တန်းတွေကို အ ပတ်စဉ်တခုပြီးတခု ဆက်တိုက်သင်တ န်းပေးပြီး ရဲတပ်ဖွဲ့ဝင်သစ်တွေ မွေးထုတ်လေ့ကျင့်ပေးနေပေမယ့် အာရက္ခပြည်သူလူဦးရေအချိုးနဲ့ရဲတပ်ဖွဲ့ဝင်အင် အားလောက်ငှမှုမရှိသေးဘူးလို့ ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာသင်တန်းဆင်းပြီး တာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ဖွဲ့ဝင်အင်အားသုံးထောင်ခုနှစ်ရာကျော်ရှိနေပြီး အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးအတွက်ရဲတ ပ်ဖွဲ့ဝင်အင်အားငါးထောင်ခန့်လိုအပ်တယ်လို့ ရဲအရာရှိတွေက ဆိုကြပါတယ်။
အဲဒီလိုရဲဝန်ထမ်းအင်အား လောက်ငှမှုမရှိတာကလည်း ပြည်သူ့လုံခြုံရေးလုပ်ငန်းတွေ၊ အမှုအခင်းတွေစစ်ဆေးဖော် ထုတ်အရေးယူမှုအပိုင်းတွေမှာ အားနည်းချက်ရှိနေရတဲ့အကြောင်းရင်းတွေထဲကတခုဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
“လူကမလောက်ဘူး။အငယ်တွေပိုများတယ်။ ဥပဒေတွေဆိုဘာမှကိုသိပ်နားမလည်ကြဘူးလေ။ပြီးရင်အတွေ့အကြုံကလည်းမရှိသေးတော့ အမှုစုံစမ်းဖို့ဆိုတာတွေက သိပ်မလုပ်တတ်ကြဘူး။” လို့ အာရက္ခရဲတပ်ဖွဲ့ဝင်တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခရဲတပ်ဖွဲ့ဝင်တွေထဲမှာ ဆယ်ကျော်သက်အရွယ်တွေ၊အသက်နှစ်ဆယ်ဝန်းကျင်လူငယ်တွေ ပိုများတာတွေ့ရပြီး လူငယ်ပညာတတ်တွေ နည်းပါးတာတွေ့ရပါတယ်။
တချို့ရဲတပ်ဖွဲ့ဝင်တွေဆိုရင်အလယ်တ န်းအဆင့်ပညာကိုသာသင်ကြားခဲ့ကြရပြီး အထက်တန်းအဆင့်ပင်မအောင်မြ င်ခဲ့ကြသူတွေမို့ အရည်အချင်းမြင့်မွမ်း မံသင်ကြားပေးဖို့လည်းအခက်အခဲတွေရှိနေတယ် ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
အရည်အချင်းမပြည့်အာဏာပြရဲတွေကြောင့် ပြည်သူတွေနစ်နာ
ရဲသင်တန်းအစကနဦးမှာ နည်းပြဆရာတွေလုံလောက်မှုမရှိတာ၊စစ်ကောင်စီထိန်းချုပ်မှု၊ စစ်ကောင်စီလက်တံကျန်နေသေးချိန် လွတ်လပ်စွာသင်တန်းပြခွင့်မရတာ၊ ရဲအင်အားလိုအပ်ချက်အရ သင်တန်းလာလျှောက်သူတိုင်းကို လက် ခံသင်ကြားပေးရတာမို့ အစောပိုင်းမွေးထုတ်ပေးခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေမှာ အရ ည်အချင်းမပြည့်မီမှုတွေရှိခဲ့ရတယ်လို့ရဲတပ်ဖွဲ့ဝင်တွေက ဆိုကြပါတယ်။
“အဲဒီအချိန်မှာ ရဲသင်တန်းတွေကိုလ ည်းလျှို့ဝှက်လုပ်ခဲ့ရတယ်။သင်တန်းကိုလည်း ရဲလုပ်ငန်းအပြည့်အ၀သင်ပြဖို့နည်းပြအင်အားမရှိဖြစ်ခဲ့ရတယ်။ရဲလု ပ်ငန်းကို ပီပီပြင်ပြင်သင်ပြဖို့ အခွင့်အလမ်းမရှိခဲ့ဘူး။ ဒါကြောင့် အေအေ အသွင်ပြောင်းရဲတပ်ဖွဲ့ဝင်တွေက ဥပဒေနဲ့ရဲလုပ်ငန်းမကျွမ်းကျင်တော့ အိုးနင်းခွက်နင်းဖြစ်ပြီး ပြည်သူယုံကြည်ရတဲ့ရဲတပ်ဖွဲ့ဝင်တွေမဟုတ်ဘဲ အာဏာကိုအလွဲ သုံးစားလုပ်လာတဲ့ရဲတွေကြောင့်ပြည်သူနဲ့အဆင်မပြေဖြစ်လာရတယ်။” လို့ ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)မှ အရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုအရည်အချင်းပြည့်မီမှုမရှိ၊တာ ဝန်ကိုအာဏာအဖြစ် အလွဲသုံးစားလုပ်ကြတဲ့ရဲတပ်ဖွဲ့ဝင်တွေကြောင့် နစ်နာမှုတွေများစွာကြုံကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အရည်အချင်းမပြည့်မီတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ အမှုအခင်းတွေဖြစ်လာရင် ကျူးလွန်သူတရားခံကို ဖော်ထုတ်နိုင်စွမ်းမရှိတာကြောင့် ကျူးလွန်ခံရသူ၊ပ စ္စည်းခိုးယူ၊လုယက်ခံရသူတွေမှာ သူတို့ပစ္စည်းတွေပြန်မရကြဘဲ နစ်နာရသလို အဓမ္မပြုကျင့်မှု၊ လူသတ်မှုလို ရာဇဝတ် မှုကျူးလွန်ခံရသူတွေအဖို့လည်း များစွာနစ်နာကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“အခုရဲတွေက ဘာဘဲဖြစ်ဖြစ် သွားတိုင်ရင်အလကားလိုပဲ။ဘာမှလည်းလုပ်မပေးဘူး။ ဖုန်းပျောက်လို့ တိုင်တာဘာမှ မထူးဘူး။ ဖုန်းလည်းပြန်မရဘူး။ပြည်သူကိုဆက်ဆံတာကလည်း တချို့ဆိုတ အားမောက်မာတယ်။” လို့ မြေပုံမြို့နယ်မှကိုယ်တိုင်ကြုံတွေ့ခဲ့ရသူအမျိုးသမီးတဦးက Border News Agency ကိုပြောပါတယ်။
ရာဇဝတ်မှုကျူးလွန်ခံရသူတွေဆိုရင်လည်းကျူးလွန်သူကိုမဖမ်းဆီးနိုင်တာ၊ ဖမ်းဆီးနိုင်ပေမယ့်တရားရုံးမပို့နိုင်တာ၊ မြန်မြန်ဆန်ဆန်စီရင်အမိန့်မချနိုင်တာမို့နစ်နာကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
“အမှုတခုဖြစ်လို့ သွားတိုင်ရင် သူတို့နဲ့ နီးစပ်သူတွေဆိုရင် မဖမ်းဘဲထားတာ၊ အာမခံပေးတာတွေတောင်ရှိတယ်။အဲဒါရာဇဝတ်မှုတွေနော်။ လွန်းလုံးပိုက်က အမှုဆိုရင်တနှစ်တောင်လွှတ်ပေးထားတာ။ အဲဒါမုဒိန်းမှုကျူးလွန်ဖို့ကြံစည်တဲ့အမှုကိုတောင်နော်။” လို့ မြေပုံမြို့နယ်မှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအပြင် ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့ဝင်တွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်တဲ့အမှုကိစ္စတွေလည်းတွေ့နေရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
မင်းပြားမြို့နယ်၊ညောင်ပင်ဝိုင်းကျွန်းမှာ ပြီးခဲ့တဲ့ဧပြီလကဖြစ်ပွားခဲ့တဲ့ လယ် ယာမြေအငြင်းပွားမှုမှာဝါဝင်ခဲ့တဲ့အ မျိုးသမီးတွေအပါအဝင်ဒေသခံတဆ ယ့်တဦးကိုအာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့တိုက်နယ်မှူးက ပုဒ်မ ၅၀၅ (ခ)၊ ညပုဒ်မ ၁၈၆၊ပုဒ်မ၁၈၈နဲ့အမှုဖွင့်တရားစွဲဆိုခဲ့ပြီး အမှုကို ရဲစခန်းကလက်ခံအမှုဖွင့်ပေးခဲ့ပါတယ်။
အဲဒီလိုအမှုတွေဟာ အစိုးရကိုယ်တိုင်အမှုဖွင့်အရေးယူရမှာ မဟုတ်ဘဲဖျန် ဖြေညှိနှိုင်းမှုနဲ့ဖြေရှင်းရမယ့်အမှုကိစ္စမျိုးတွေဖြစ်တယ်လို့ ဥပဒေအရာရှိကြီးတွေက ထောက်ပြကြပါတယ်။
“၅၀၅(ခ)ဆိုတာ အစိုးရအဆက်ဆက်ကပြည်သူကိုစွဲခဲ့တဲ့ပုဒ်မ။ဒါကိုမသုံးသ င့်ဘူးလို့ ဝေဖန်ကြတာတွေအများကြီး။အဲဒါကို ကိုယ့်ပြည်သူက ပေါက်ဖွားလာတဲ့အစိုးရအနေနဲ့ဒီလိုမလုပ်သင့်ဘူး။ရဲ တပ်ဖွဲ့ကလည်း ဒီလိုအမှုတွေကို ဖွင့်မပေးသင့်ဘူး။” လို့ ဥပဒေအရာရှိကြီးတဦးက Border News Agency ကို ပြောပါတယ်။
ပြည်သူကိုကာကွယ်ပေးတဲ့ပြည်သူ့ရဲဖြစ်ဖို့လို
အာရက္ခပြည်သူ့လုံခြုံရေး၊ ဥပဒေစိုးမိုးရေးအတွက်ရည်ရွယ်ဖွဲ့စည်းထားတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့ဝင်တွေဟာ
ပြည်သူလူထုဘက်ကရပ်တည်ပြီး ကာကွယ်မှုတွေပေးဖို့လိုသလို ပြည်သူတွေ ခိုးဆိုးလုနှိုက်ဘေးမှ လွတ်ကင်းနိုင်ရေး ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
ဒါပေမယ့် မြို့နယ်တချို့မှာ ပြည်သူ့လုံ ခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DL EPS)ရဲတပ်ဖွဲ့ဝင်တွေဟာ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ဆိုင်ကယ်ဦးထုပ်မဆောင်းသူတွေကို ဖမ်းဆီးရေး၊ဂိတ်စောင့်တဲ့အလုပ်ကိုသာ အဓိကထားလုပ်ဆောင်နေတာတွေ့ရပြီး ညအချိန် က င်းလှည့်တာ၊လူဆိုးဖမ်းတာစတဲ့အလုပ်တွေကိုတော့ အနည်းငယ်သာလုပ်နေကြတာတွေ့ရတယ်လို့ ပြည်သူတွေက
ဆိုကြပါတယ်။
“ဦးထုပ်မဆောင်းရင်းဖမ်းတာပဲအဓိကလုပ်နေတယ်။အမှုတခုခုဖြစ်ရင် ရဲက နောက်မှရောက်တယ်။အရင်ရောက်ရင်လည်း တရားခံကသိပ်မမိဘူး။ဒါပေမ ယ့် ဆိုင်ကယ်ပျောက်တာတွေဘာတွေကတော့ မြန်မြန်မိတယ်။ အိမ်ဖောက်တဲ့အမှုတွေ၊ခိုးတာတွေကျရင် ဆယ်မှုမှာ တမှုလောက်ပဲမိတာကြားပါတယ်။” လို့ မင်းပြားမြို့မှ ဖုန်းနဲ့ရွှေပျောက်သွားပြီး ပြန်မရသူအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့မှာ အားနည်း ချက်တွေရှိနေတာဟာ အရည်အချင်းမပြည့်၀မှု၊အင်အားမလောက်ငှမှုတွေကြောင့်ဖြစ်တယ်လို့ ရဲအရာရှိကြီးတွေက ထောက်ပြပါတယ်။
“ရဲလုပ်ငန်းမကျွမ်းကျင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေကြောင့်ဖြစ်ရတာပါ။ ရဲသားအသစ်တွေကိုလည်း ရဲလုပ်ငန်းတွေပိုတတ်ဖို့ သင်ပေးနေကြတယ်။ ရဲလုပ်ငန်းပီပီပြင် ပြင်ဖြစ်ဖို့အတွက် ရဲချုပ်ကိုယ်တိုင်စီစဉ်ဆောင်ရွက်နေတာတွေ့ရတယ်။” လို့ရဲအရာရှိတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့ဝင်သင်တန်းအတွက် လုံလောက်ပြည့်စုံတဲ့နည်းပြ ဆရာတွေခန့်ထားပြီး သင်တန်းသားတွေကိုလည်း အထက်တန်းအဆင့်အောင်မြင်ပြီးသူ၊ဘွဲ့ရလူငယ်တွေကို ဦးစားပေးလေ့ကျင့်သင်ကြားမွေးထု တ်ပေးနေတယ်လို့ ဆိုကြပါတယ်။
“အခုတော့ နည်းပြဆရာတွေအစုံအလင်နဲ့လွတ်လပ်စွာပြသခွင့်ရပြီး အရပ်ဖက်က ဆယ်တန်းအောင်နဲ့ဘွဲ့ရတွေပါဝင်ထမ်းဆောင်လာမှုက ပိုများလာတယ်။” လို့ ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့သင်တန်းဆရာတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့လုံခြုံရေးအတွက် အားထားရတဲ့ရဲတပ်ဖွဲ့သာဖြစ်စေချင်ပြီး အရင်အစိုးရအဆက်ဆက်က ရဲတပ်ဖွဲ့ဝင်တွေလိုမျိုး အာဏာပြဘက်လိုက်တဲ့ရဲတပ်ဖွဲ့မျိုးမဖြစ်စေချင်ဘူးလို့ ပြည်သူတွေ ထောက်ပြကြပါတယ်။
တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ရဲတပ်ဖွဲ့ဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှပါဝင်တာမို့ ပြည်သူတွေ ယုံကြည်အားထားရတဲ့ ရဲတပ်ဖွဲ့ဖြစ်လာဖို့၊ ပြည်သူတွေအပေါ် အနိုင်ကျင့်အာ ဏာပြတဲ့ရဲတပ်ဖွဲ့မဖြစ်စေဖို့၊ပြည်သူ့လုံ ခြုံရေးစောင့်ရှောက်ကာကွယ်ပေးတဲ့ရဲတပ်ဖွဲ့ဖြစ်လာစေဖို့၊ ကျူးလွန်သူတရားခံတွေကို မြန်မြန်မှန်မှန်ဖော်ထုတ်အရေးယူနိုင်ဖို့ အရေးကြီးတယ်လို့ ပြည်သူတွေ ဆိုကြပါတယ်။
ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့ဝင်တွေကတော့ ပြည်သူလူထုအားကိုးရတဲ့ရဲတပ်ဖွဲ့မဖြစ်လာသေးဘူးလို့ ပြည်သူတွေ ဝေဖန်ထောက်ပြကြပါတယ်။
အဲဒါကြောင့် ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့ဝင်တွေမှာ အားနည်းချက်တွေရှိနေတာကိုဝန်ခံပြီး ပြည်သူအားကိုးရတဲ့ရဲတပ် ဖွဲ့ဖြစ်လာဖို့ကြိုးစားလုပ်ဆောင်နေတ ယ်လို့ ရဲအရာရှိတချို့က ဆိုကြပါတယ်။
“ပြည်သူတွေ လိုလားနေတဲ့အတိုင်း အာရက္ခပြည်သူတွေ အားကိုးယုံကြည်ရတဲ့ ဥပဒေ၊ ရဲလုပ်ငန်းကျွမ်းကျင်တဲ့ရဲတပ်ဖွဲ့အရည်အချင်းပြည့်၀တဲ့ အာရက္ခပြည်သူ့ရဲတပ်ဖွဲ့တခုဖြစ်မြောက်ရေးအတွက်လုပ်နေပါတယ်။ အာရက္ခပြည်သူတွေ အားထားရတဲ့အာရက္ခပြည်သူ့ရဲတပ်ဖွဲ့ကြီးတခုပေါ်ပေါက်လာပါလိမ့်မယ်။ ပြည်သူတွေ မျှော်လင့်ချက်အတိုင်းဖြစ်လာပါလိမ့်မယ်။” လို့ ပြည်သူ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးဌာန(DLEPS)မှအရာရှိတဦးက ပြည်သူတွေကို ကတိပေးပြောဆိုပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲပြီးဆုံးပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ပြည်သူ့လုံခြုံရေးနဲ့တရားဥပ ဒေစိုးမိုးရေးဌာန(DLEPS)ရဲတပ်ဖွဲ့ဝင်တွေဟာ အမှန်တကယ် ပြည်သူ့လုံခြုံ ရေးတွေ၊တရားဥပဒေစိုးမိုးရေးတွေကိုဆောင်ရွက်ပေးကြမလားစောင့်ကြည့်ကြရမယ်လို့ အာရက္ခပြည်သူတွေက ပြောဆိုစောင့်မျှော်နေကြပါတော့တယ်။