Border News Agency
ပုဏ္ဏားကျွန်း၊ သြဂုတ် ၁။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော် (AA)ဟာ ပလက်ဝမြို့နယ်အပါအဝင် တဆယ့်ငါးမြို့နယ်ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတယ်။
အာရက္ခပြည်သူတော်လှန်ရေးအစိုးရမှာ အာရက္ခတရားရေးဌာနအပါအဝင် တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(DLEPS)ကိုလည်း ဖွဲ့စည်းထားပြီး တရားဥပဒေစိုးမိုးရေး၊ပြည်သူ့လုံခြုံရေး၊တရားစီရင်ရေးတွေ ဆောင်ရွက်နေပါတယ်။
ဒါပေမယ့်အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မုဒိမ်းမှုတွေကို ခပ်စိပ်စိပ်ဆိုသလို ဖြစ်လာနေပြီး သက်ငယ်မုဒိမ်းမှုတွေလည်းပါဝင်နေပါတယ်။
အဲဒါကြောင့်သက်ငယ်မုဒိမ်းမှုတွေအပါအဝင် မုဒိမ်းမှုကျူးလွန်သူကို သေဒဏ်ပေးဖို့ထိ တောင်းဆိုနေကြသံတွေလည်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာနေပါတယ်။
အာရက္ခဒေသမှာ သမီးအရင်းဖြစ်သူကိုမုဒိမ်းမှုတွေ ကျူးလွန်တာတွေအပါအဝင် သက်ငယ်မုဒိမ်းမှုတွေလည်း မကြာခဏဖြစ်နေတာမို့ အမျိုးသမီးတွေအပါအဝင် ပြည်သူတွေကတော့ သေဒဏ်ထိပေးဖို့တောင်းဆိုနေကြပါတယ်။
◼မုဒိမ်းမှုဆိုတာဘာလဲ
လက်ရှိကျင့်သုံးနေဆဲ အင်္ဂလိပ်အစိုးရလက်ထက် ၁၈၆၁ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ရာဇသတ်ကြီးဥပဒေမှာ မုဒိမ်းမှုနဲ့ပတ် သက်လို့ ခုလိုပြဋ္ဌာန်းခဲ့ပါတယ်။
ပုဒ်မ (၃၇၅)
ပထမ – မိန်းမက အလိုမတူဘဲငြင်းဆန်တာ။ ဒုတိယ – မိန်းမကခွင့်မပြုတာ။ တတိယ – ခွင့်ပြုပေမဲ့ အဲဒီလိုခွင့်ပြုရတာဟာ အဲဒီမိန်းမကို သေစေမယ် နာကျင်စေမယ်လို့ ကြောက်ရွံ့အောင်ပြုတဲ့အတွက် ခွင့်ပြုရတာ။ စတုတ္ထ – မိန်းမကခွင့်ပြုပေမယ့် ယောကျ်ားက မိမိဟာ အဲဒီမိန်းမရဲ့ လင်မဟုတ်ကြောင်းကိုသိသလို အဲဒီမိန်းမကခွင့်ပြုတာဟာလည်း မိမိကိုဥပဒေနဲ့အညီလက်ထပ်ထားတာ ဒါမှမဟုတ် အဲဒီလိုလက် ထပ်ထားတယ်လို့ ယုံကြည်တဲ့တခြားယောက်ျားဖြစ်တယ်လို့ ယုံကြည်လို့သာ ခွင်ပြုကြောင်းကို အဲဒီယောကျ်ားကသိတာ။ ပဉ္စမ – မိန်းမက ခွင့်ပြုပြု၊မပြုပြု အဲဒီမိန်းမဟာ အသက်ဆယ့်လေးနှစ်အောက်အရွယ်သာရှိသေးတာ။
အဲဒီလိုအကြောင်းတရပ်ရပ်နဲ့ ယောကျ်ားဟာ မိန်းမကို ကာမစပ်ယှက်ရင် သူဟာ “မုဒိမ်းမှု”ကို ကျူးလွန်တာဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
ယောကျ်ားရဲ့အင်္ဂါဇာတ်ဟာ မိန်းမရဲ့ အင်္ဂါဇာတ်မှာ သွင်းဝင်မိရင် မုဒိမ်းမှုကျူးလွန်မှုအတွက် လိုအပ်တဲ့ကာမစပ်ယှက်မှုမြောက်ဖို့ကို လုံလောက်တယ်လို့လည်း ဥပဒေပြဋ္ဌာန်းချက်မှာ ရှင်းလင်းထားပါတယ်။
ဒါပေမယ့်ယောကျ်ားဟာ အသက်ဆယ့်သုံးနှစ်အောက်မဟုတ်တဲ့ မိမိရဲ့မယားနဲ့ ကာမစပ်ယှက်တာကတော့ မုဒိမ်းမှုမဟုတ်ပါဘူး။
ပုဒ်မ(၃၇၆)မှာတော့ အထက်ကမုဒိမ်းမှုပြစ်ဒဏ်အတွက် ထောင်ဒဏ် ၁၀ နှစ်မှအမြင့်ဆုံး ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်နိုင်တယ်လို့ ပြဋ္ဌားန်းထားပါတယ်။
အဲဒါကြောင့် တချို့ကမုဒိမ်းမှုကျူးလွန်သူတွေကို သေဒဏ်ပေးပါလို့ပြောနေကြပေမယ့် လက်ရှိတည်ဆဲဥပဒေအရ သေဒဏ်ပေးနိုင်မှာမဟုတ်သေးပါဘူး။
◼မုဒိမ်းယဉ်ကျေးမှု
နိုင်ငံတကာပညာရှင်တွေရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မုဒိမ်းယဉ်ကျေးမှု(Rape Culture)ဆိုတာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပုံမှန်ဖြစ်ရပ်တခုလို သဘောထားပြီး လျှော့ပေါ့ရှုမြင်တဲ့၊ ကျူးလွန်သူအတွက် ဆင်ခြေပေးတဲ့လူမှုပတ်ဝန်းကျင်မျိုးကို ဆိုလိုတာပါ။
“သူမက ဘာလို့ညဘက်ကြီး အပြင်ထွက်တာလဲ”၊ “သူဝတ်စားထားတာက မုဒိမ်းမှုကို ဖိတ်ခေါ်နေသလိုပဲ”၊ “သူမူးနေတာကိုး” စတဲ့ နစ်နာသူတွေကိုအပြစ်တင်တာကလည်း မုဒိမ်းယဉ်ကျေးမှုရဲ့ အဓိကအစိတ်အပိုင်းတခုဖြစ်ပါတယ်။
အဲဒီလိုပြစ်တင်မှုတွေဟာ နစ်နာသူကိုပိုမိုအရှက်ရစေပြီး တရားမျှတမှုဖော်ဆောင်ရေးအတွက် အဟန့်အတားဖြစ်စေပါတယ်။
အဲဒီလိုနစ်နာသူတွေကို ပြစ်တင်မှုရဲ့ အဓိကကျတဲ့အခြေခံအရင်းအမြစ်ဟာ အမျိုးသားတွေဟာ အဆင့်အဆန်းမြင့်သူ၊ လွှမ်းမိုးချုပ်ကိုင်သူအဖြစ်သတ်မှတ်ပြီး အမျိုးသမီးတွေကို အဆင့်အတန်းနိမ့်သူ၊ လက်အောက်ခံဖြစ်သူဆိုတဲ့ ကျားမ မညီမျှမှုနဲ့အန္တရာယ်ရှိတဲ့စံနှုန်းတွေကနေမြစ်ဖျားခံလာတာလို့ ပြောရမှာပါ။
အဲဒါကြောင့် မုဒိမ်းမှုကိုတိုက်ဖျက်ရာမှာ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးရုံသာမကဘဲ ပြစ်မှုကျူးလွန်သူတွေကို အကာအကွယ်ပေးနေတဲ့ မုဒိမ်းယဉ်ကျေးမှုပါတိုက်ဖျက်ဖို့လိုအပ်ပါတယ်။
အာရက္ခလူ့ဘောင်မှာလည်း အမျိုးသမီးတွေကို နိမ့်ကျခွဲခြားဆက်ဆံကြတာတွေအပါအဝင် အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်တာတွေကို စွပ်စွဲပြောဆိုပြီး မုဒိမ်းမှုကျူးလွန်သူတွေဖက်က ကာကွယ်ပြော ဆိုနေကြသူတွေရဲ့ “မဒိမ်းယဥ်ကျေးမှူ”လည်း ရှိနေကြသေးပါတယ်။
ဒါပေမယ့်”မဒိမ်းယဥ်ကျေးမှု”ကို ကန့်ကွက်ရှုပ်ချကြပြီး လိင်အသိပညာပေးမှုတွေပြုလုပ်ပေးဖို့လိုအပ်နေတယ်လို့ အပြုသဘောဆောင်ထောက်ပြမြင်ကြသူတွေလည်း ရှိနေကြပါတယ်။
◼ မုဒိမ်းမှုအတွက် ရှေ့ဦးကာကွယ်ရေး
ပြစ်မှုတခုဆိုတာ ဖြစ်ပွားပြီးမှအရေးယူတာထက် ပြစ်မှုမဖြစ်ပွားခင်ကပင် ကြိုတင်ကာကွယ်တာက အထိရောက်ဆုံးနဲ့ရေရှည်အကျိုးရှိဆုံး နည်းလမ်းဖြစ်တယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။
ကြိုတင်ကာကွယ်ဖို့အတွက် လူ့အဖွဲ့အစည်းရဲ့ အခြေခံသဘောထားတွေ၊ စံနှုန်းတွေနဲ့အပြုအမူတွေကို ပစ်မှတ်ထားပြောင်းလဲရမှာလည်းဖြစ်ပါတယ်။
ကျား၊မအခြေပြုအကြမ်းဖက်မှုတွေကို ကာကွယ်ဖို့အတွက် ဘက်စုံလွှမ်းခြုံတဲ့ လိင်ပညာပေး(CSE)အစီအစဉ်ကို အကောင်အထည်ဖော်တာဟာ အထိရောက်ဆုံးနဲ့ ရေရှည်အကျိုးအရှိဆုံးနည်းလမ်းဖြစ်တယ်လို့ UNESCO နဲ့ WHO ကပါ အခိုင်အမာထောက်ခံထားကြပါတယ်။
ဘက်စုံလွှမ်းခြုံတဲ့လိင်ပညာပေး(CSE)ဆိုတာ လိင်ဆက်ဆံခြင်းအကြောင်းသက်သက်မဟုတ်ဘဲ လူ့အခွင့်အရေး၊ ကျား၊မတန်းတူညီမျှမှု၊အပြန်အလှန်လေးစားမှု၊သဘောတူညီချက်ရဲ့ အရေးပါမှု၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နဲ့ ကျန်းမာတဲ့ဆက်ဆံရေးတည်ဆောက်ပုံတွေကို အသက်အရွယ်အလိုက် သင်ကြားပေးတဲ့သင်ရိုးညွှန်းတမ်းတခုဖြစ်ပါတယ်။
အဲဒီသင်ရိုးညွှန်းတမ်းမှာ အသက် ၅ နှစ်မှ၈နှစ်အရွယ်ကလေးတွေကို မိမိခန္ဓာကိုယ်ရဲ့ လုံခြုံရေး၊ ကိုယ်ပိုင်နေရာ (privacy)နဲ့ အကြမ်းဖက်မှုကြုံတွေ့ရရင် ယုံကြည်ရတဲ့လူကြီးတဦးကို ဘယ်လိုပြောပြရမယ်ဆိုတာပါဝင်ပါတယ်။
အဲဒီအပြင် ဆယ်ကျော်သက်အရွယ်တွေကိုလည်း သဘောတူညီချက်ရဲ့ ပိုမိုရှုပ်ထွေးတဲ့ သဘောတရားတွေ၊ ကျား၊ မအခြေပြုအကြမ်းဖက်မှု(GBV)ရဲ့ ပုံစံအမျိုးမျိုး(ဥပမာ – လိင်ပိုင်းဆိုင်ရာနှော င့်ယှက်မှု၊အိမ်တွင်းအကြမ်းဖက်မှု)ကို ခွဲခြားသိရှိနိုင်ဖို့နဲ့ အန္တရာယ်ရှိတဲ့ ဆက်ဆံရေးကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာလည်း ပါဝင်ပါတယ်။
အဲဒီသင်ကြားရေးစနစ်က မုဒိမ်းယဉ်ကျေးမှုကို နောင်မျိုးဆက်သစ်တွေမှာ အမြစ်မတွယ်ခင်ကပင် ကြိုတင်တားဆီးတဲ့ လူမှုရေးဆိုင်ရာ “ကာကွယ်ဆေး” ပါပဲ။
အဲဒီအပြင်ပြစ်မှုဖြစ်စေတဲ့ စိတ်နေသဘောထားတွေမဖြစ်ပေါ်ခင်ကတည်းက ကြိုတင်ကာကွယ်တဲ့ယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုကို ဦးတည်တာလည်းဖြစ်ပါတယ်။
အာရက္ခဒေသမှာ လိင်ပိုင်းဆိုင်ရာလို့ပြောလိုက်ရင် အပြစ်တခုလို၊စက်ဆုပ်ရွံရှာစရာလို ရှုမြင်နေကြတဲ့ ရှေးရိုးစွဲဝါဒီရှိသူတွေအကြား ဒီသင်ကြားရေးအတွက် အဟန့်အတားတွေရှိနိုင်ပါတယ်။
ဒါပေမယ့်ရှေရည်မှာ မုဒိမ်းမှု ဒါမှမဟုတ် ကျား၊ မဆိုင်ရာ အကြမ်းဖက်မှုတွေကို လျှော့ချဖို့အတွက် အာရက္ခဒေသရဲ့ လူ့ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ သင်ရိုးညွှန်းတမ်းပြုစုဖို့လိုအပ်ပါတယ်။
လက်ရှိမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်နိုင်ခြေရှိတဲ့ အခြေအနေကိုမြင်တွေ့ရင် ဘေးကနေရပ်မကြည့်ဘဲ ဘေးကင်းလုံခြုံစွာ ကြားဝင်ကူညီဖို့အတွက် လူထုကိုလည်း စည်းရုံးဖို့လိုအပ်ပါတယ်။
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို တဦးနဲ့တဦးကြားကကိစ္စလို့ သဘောမထားဘဲ၊ လူတိုင်းမှာတာဝန်ရှိတဲ့ကိစ္စတစ်ရပ်အဖြစ် အားလုံးရှုမြင်ကြဖို့လိုအပ်ပါတယ်။
ရဝမ်ဒါနိုင်ငံဟာ ၁၉၉၄ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုကို အဆိုးရွားဆုံးကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတခုပါ။
အဲဒီဖြစ်ရပ်အတွင်း စနစ်တကျမုဒိမ်းကျင့်မှုတွေကိုပါ ကြောက်မက်ဖွယ်ကြုံတွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။
လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်ရပ်အလွန်မှာတော့ ကျား၊မအခြေပြုအကြမ်းဖက်မှု(GBV)တိုက်ဖျက်ရေးကို နိုင်ငံတော်ပြန်လည်ထူထောင်ရေးရဲ့ အဓိကမဏ္ဍိုင်တစ်အဖြစ်သတ်မှတ်ပြီး ကြိုးပမ်းခဲ့တာကြောင့် အောင်မြင်မှုလည်းရခဲ့ပါတယ်။
◼ မုဒိမ်းမှုနဲ့တရားစီရင်ရေးစနစ်
မုဒိမ်းမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့အတွက် လက်ရှိဥပဒေကလုံလောက်သလားဆိုတာကို ပထမဆုံးစဉ်းစားဖို့လိုပါတယ်။လိုအပ်ရင် အာရက္ခဒေသနဲ့ကိုက်ညီတဲ့ ဥပဒေပြဋ္ဌာန်းဖို့လိုအပ်ပါတယ်။
အဲဒီဥပဒေကို အကောင်အထည်ဖော်တဲ့ ရဲတပ်ဖွဲ့၊ တရားရုံးတွေနဲ့တခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့လုပ်ငန်းစဉ်တွေဟာလည်း နစ်နာသူတွေကို ဗဟိုပြုရမှာဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံဟာ မုဒိမ်းမှုနဲ့ပတ်သက်လို့ ၂၀၁၈ ခုနှစ်မှာ ဥပဒေသစ်တရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။
အဲဒီဥပဒေမှာ“အင်အားသုံးမှု”အစား “နစ်နာသူဘက်က သဘောတူညီချက်မရှိမှု”ဆိုတာကို ပြစ်မှုမြောက်မှုဖို့အတွက် အဓိကအချက်အဖြစ်သတ်မှတ်ခဲ့ပါတ ယ်။
အဲဒီဥပဒေမပြဋ္ဌာန်းခင် ၂၀၁၇ ခုနှစ်မှာ မုဒိမ်းမှုနဲ့တရားစွဲဆိုတဲ့အရေအတွက်ဟာ တနိုင်ငံလုံးမှာ ၂၃၆ မှုသာရှိခဲ့ပေမယ့်ဥပဒေပြဋ္ဌာန်းပြီးနောက် ၂၀၂၀ ခုနှစ်မှာ ၄၅၅ မှုထိတိုးလာခဲ့ပါတယ်။
ပြစ်ဒဏ်ချမှတ်မှုနှုန်းဟာလည်း ဥပဒေသစ်ပြဋ္ဌားန်းပြီးနောက် ၂၀၁၉ နဲ့ ၂၀၂၀ အကြားမှာ ၇၅ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ မုဒိမ်းမှု ဒါမှမဟုတ် ကျား၊မအခြေပြုလိင်ပိုင်းဆိုင်ရာအကြ မ်းဖက်မှုတွေအားလုံးကို အရင်ဥပဒေအရအရေးယူဖို့ခက်ပေမယ့်ဥပဒေသစ်က တရားမျှတမှုပိုမိုရရှိအောင်လမ်းဖွင့်ပေးလိုက်တဲ့ သာဓကလည်းဖြစ်ပါတယ်။
အဲဒါကြောင့် မုဒိမ်းမှုတွေ လျှော့နည်းပပျောက်ဖို့အတွက် လက်ရှိတည်ဆဲဥပဒေက အပြည့်အဝလုံလောက်ရဲ့လားဆိုတာကို ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။
◼နစ်နာမှုအတွက် ပူးပေါင်းတုံ့ပြန်မှု
မုဒိမ်းမှုကျူးလွန်ခံရသူတွေအပေါ် ချက်ချင်းလက်ငင်း လိုအပ်ချက်နဲ့ ရေရှည်လိုအပ်ချက် နှစ်မျိုးစလုံးကိုဖြည့်ဆည်းပေးနိုင်ဖို့လည်းလိုအပ်ပါတယ်။
အဲဒါဟာ ရှည်လျားပြီး ရှုပ်ထွေးတဲ့ ကဏ္ဍတခုလည်းဖြစ်ပါတယ်။
ချက်ချင်းလက်ငင်းတုံ့ပြန်နိုင်ဖို့အတွက် အရေးပေါ်အကူအညီပေးရေးစင်တာတွေကို အာရက္ခဒေသက မြို့နယ်အသီးသီးမှာ ကြိုတင်ထူထောင်ထားဖို့ လိုအပ်ပါတယ်။
အဲဒီစင်တာအနေနဲ့ နစ်နာသူကို ချက်ချင်းလက်ငင်း စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်ဆွေးနွေးတာ၊သတင်းအချက်အလက်တွေပေးတာနဲ့ လိုအပ်တဲ့နေရာတွေကို ညွှန်းပို့ပေးတာ၊လိုက်ပါကူညီတာ၊ဆေးရုံ၊ရဲစခန်းနဲ့တရားရုံးတွေကို သွားရောက်တဲ့အခါ အဖော်ပြုပြီးလိုက်ပါကူညီပေးတာတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
ရေရှည်ပြန်လည်ထူထောင်ရေးအတွက်ကိုလည်း မူဝါဒတွေချမှတ်ပြီး စနစ်တကျဆောင်ရွက်ရမှာဖြစ်ပါတယ်။
မုဒိမ်းမှုဆိုတာ ရှေးခေတ်အဆက်ဆက်ကတည်းကရှိနေခဲ့သလို ခုလည်းရှိနေပါတယ်။ နောင်လည်း ရှိနေဦးမှာပါပဲ။
မုဒိမ်းမှုတွေကိုတိုက်ဖျက်ဖို့အတွက် လက်ရှိမှာတည်ဆဲဥပဒေအရ အရေးယူနေသလို ရေရှည်အတွက်လည်း စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
အဲဒီအပြင် လက်ရှိဥပဒေတွေက အာရက္ခဒေသနဲ့ ကိုက်ညီသလား။သီးသန့် အထူးဥပဒေတရပ်ပြဋ္ဌာန်းဖို့လိုအပ်သလား။
ရေရှည်မှာ မုဒိမ်းယဉ်ကျေးမှုကိုပါ တိုက်ဖျက်ဖို့အတွက် သင်ရိုးညွှန်းတမ်းတွေမှာ ဘယ်လိုထည့်သွင်း သင်ကြားမလဲ။
လက်ရှိမှာ မုဒိမ်းမှု ဒါမှမဟုတ် ကျား၊မအခြေပြုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို တားဆီးနိုင်ဖို့ အသိပညာတွေကို လူထုအကြားကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိအောင် ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတာတွေကိုပါ ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အာရက္ခအမျိုးသမီးထုတရပ်လုံးကို ဥပဒေအရအကာအကွယ်ပေးရမှာဖြစ်သလို မဒိမ်းမှုကျူးလွန်သူတွေကိုလည်း အထိရောက်ဆုံးအပြစ်ပေးအရေးယူနိုင်မှ တိုင်းပြည်တည်ဆောက်ရေးအောင်မြင်မှာဖြစ်ပါတယ်။







