Border News Agency
အမေရိကန်၊ သြဂုတ် ၁။
အမေရိကန်စစ်တပ်က အီရန်နိုင်ငံတွင်းပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် အီရန်ဘက်က ဇူလိုင်လ ၃၁ ရက်နေ့မှာ ကူဝိတ်ရှိအမေရိကန်ရဲ့ အာမက်အယ်လ်ဂျာဘာလေတပ်စခန်းကို ဒရုန်းတွေနဲ့ လက်စားချေတိုက်ခိုက်ခဲ့ပါတယ်။
အီရန်စစ်တပ်က အဲဒီစခန်းရှိလေယာဉ်ရုံတွေနဲ့ ဂြိုဟ်တုဆက်သွယ်ရေးစနစ်တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဒီစခန်းဟာ အမေရိကန်ရဲ့ ဒေသတွင်းထောက်လှမ်းရေး ဗဟိုချက်ဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ရဲ့ ဇူလိုင်လ ၂၉ ရက်နေ့ကတိုက်ခိုက်ခဲ့တာကြောင့် အီရန်ကက်ရှ်မ်ကျွန်းရှိ လူနေအိမ်တလုံးထိမှန်ပြီး လူသုံးဦးသေဆုံးခဲ့ရသလို ပြည်နယ်အတော်များများမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တာပါ။
အဲဲဒီအပြင် ဇူလိုင်လ၃၀ ရက်နေ့က ဂျော်ဒန်ဘက်ပစ်ခတ်ခဲ့တဲ့ အီရန်ဒုံးကျည်ငါးစင်းကိုဟန့်တားခဲ့ရသလို ကူဝိတ်မြောက်ပိုင်းတရုတ်ကုမ္ပဏီပိုင်အဆောက်အအုံ ထိမှန်မှုမှာလည်း အလုပ်သမားတဦးသေဆုံးခဲ့ပါတယ်။
ယီမင်ဟူသီတွေရဲ့ ပင်လယ်နီသင်္ဘောပိတ်ဆို့မှုတွေနဲ့ အီဂျစ်ဆိပ်ကမ်းရှိ ဓာတ်ငွေ့တင်သင်္ဘော ဒရုန်းထိမှန်မှုတွေကြောင့် စစ်မီးဟာပင်လယ်ကွေ့တခုလုံးကို ကူးစက်လာနေတာပါ။
စစ်ရေးလေ့လာသူတွေကတော့ အပြန်အလှန်လက်စားချေမှုတွေကြောင့် နှစ်ဖက်စစ်ပွဲဟာ ဒေသတွင်းစစ်ပွဲကြီးတခုအဖြစ် ပိုမိုကြီးထွားလာနိုင်တယ်လို့ သတိပေးထားကြပါတယ်။







