Border News Agency
မြောက်ဦး၊ သြဂုတ် ၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ကို ဩဂုတ် ၄ ရက်၊ ည ၉ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီမြောက်ဦးမြို့ရှိ တပ်ရင်းဟောင်းတွေနဲ့စစ်ဘေးရှောင်စခန်းတွေကို တိုက်လေယာဥ်ခြောက် စီး၊ Y12 နှစ်စီးနဲ့ တနာရီကျော်ထိဗုံးအလုံးရေ သုံးဆယ်ကျော် ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူလေးဦးအလတ်စားဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီအပြင်အနီးရှိ ပြည်သူပိုင်နွားသုံးကောင်သေပြီးငါးကောင်ဒဏ်ရာရခဲ့ကာ နေအိမ်နဲ့အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့တွေကို အာဏာသိမ်းစစ်တပ်စစ်သင်္ဘောတွေက လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက် အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို အာဏာသိမ်းစစ်တပ်က ရည် ရွယ်ချက်ရှိရှိရေကြောင်း၊လေကြောင်းက တိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေဟာ မိုးတွင်းကာလဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းရန်ကို အထူးသတိထားနေထိုင်ကြဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။








