Border News Agency
မြောက်ဦး၊ဩဂုတ် ၁၅။
၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၄၉၃ ထပ်ထွက်လာပါတယ်။
၂၀၁၉ ခုနှစ်ဟာ ပူတင်၊ရှီကျင့်ဖျင်၊မိုဒီနဲ့ထရမ့်တို့ လက်ထက်ပါပဲ။
အဲဒီဆုံးဖြတ်ချက် ၂၄၉၃ ကို အမေရိကန်၊ရုရှားနဲ့တရုတ်စတဲ့ ဗီတိုနိုင်ငံတွေမကန့်ကွက်ခဲ့ပါဘူး။
အဲဒီအပြင် ၂၄၉၃ ထဲမှာ အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အရေးယူဖို့အပိုင်းတွေကို ထပ်ပြီးအတည်ပြုခဲ့ပါတယ်။
အဲဒီအပြင်ဆုံးဖြတ်ချက်တွေချမှတ်လာရင် အရင်ဆုံးဗီတိုပိုင်တဲ့နိုင်ငံတွေက လိုက်နာအကောင်အထည်ဖော်မှုကိုပြရပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိစပ်နယ်မြေအကျဉ်းထောင်တွေ၊ ထိန်းသိမ်းရေးစခန်းတွေဟာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ရဲတပ်ဖွဲ့ရဲ့လုပ်ငန်းနယ်ပယ်နဲ့ သက်ဆိုင်နေပါတယ်။
ပြီးရင် လက်နက်ကိုင်တပ်ဖွဲ့ ပုံစံတမျိုးမျိုးရဲ့ လေ့ကျင့်ရေး၊စုဆောင်းရေးစခန်းတွေဟာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ငန်းနယ်ပယ်တွေနဲ့သက်ဆိုင်ပါတယ်။
အဲဒီတော့ လက်နက်ကိုင်တပ်ဖွဲ့ပုံစံတမျိုးမျိုးနဲ့သက်ဆိုင်တဲ့ အခင်းအကျင်းတွေထဲက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုနဲ့ပတ်သက်ပြီး ဗီတိုပိုင်တဲ့ အမေရိကန်၊ရုရှား၊တရုတ်နဲ့ ဒေသတွင်းအင်အားကြီး အိန္ဒိယမှာဘယ်လိုကိုင်တွယ်အရေးယူနေသလဲဆိုတာကို အောက်မှာလေ့လာနိုင်ပါတယ်။
အမေရိကန်
အမျိုးသမီးအကျဉ်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနက ၂၀၂၆ ခုနှစ်၊ဩဂုတ်လ ၁၃ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်ထဲက စာရိတ္တပြုပြင်ရေးစခန်းတွေနဲ့အကျဉ်းထောင်တွေမှာ အမျိုးသမီးအကျဉ်းသူတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအပေါ် အကာအကွယ်ပေးဖို့ပျက်ကွက်နေတယ်လို့ အမေရိကန်တရားရေးဌာနကဆိုပါတယ်။
ကယ်လီဖိုးနီးယားစာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန (CDCR)၊ ကယ်လီဖိုးနီးယား ဗဟိုအမျိုးသမီးရေးရာဌာန(CCWF)နဲ့ကယ်လီဖိုးနီးယား အ မျိုးသမီးရေးရာအင်စတီကျူး(CIW) မှာ အမျိုးသမီးအကျဉ်းသူတွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေရှိနေပြီး ဒါကိုတာဝန်ရှိသူတွေဘက်က အကာအကွယ်ပေးဖို့ ပျက်ကွက်နေတာပါ။
အဲဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာလို့လည်း အမေရိကန်တရားရေးဌာန (DOJ) က ဆိုပါတယ်။
ဝန်ထမ်းတွေရဲ့လိင်ပိုင်းဆိုင်ရာအပြုအမူတွေကို ထိန်းချုပ်ဖို့ပျက်ကွက်တာ၊ လုံလောက်တဲ့အကာအကွယ်တွေမပေးတာ၊ ယုံကြည်စိတ်ချနိုင်လောက်တဲ့ အစီ ရင်ခံစာတွေတင်ဖို့ ပျက်ကွက်တာ၊ စုံစမ်းစစ်ဆေးမှုပုံစံတွေတရားမျှတမှုမရှိတာ၊ လုံလောက်တဲ့တာဝန်ခံမှုအတွက် နည်းစနစ်အရေးယူမှုတွေ အားနည်းတာတွေကို တရားရေးဌာနကမဖုံးကွယ်ဘဲ ပြည်သူတွေသိအောင် ထုတ်ပြန်တယ်လို့လည်းဆိုပါတယ်။
အမေရိကန်ဖွဲ့စည်းပုံပြင်ဆင်ချက် ၈ နဲ့ ၁၄ အရ ပေးအပ်ထားတဲ့အမျိုးသမီးအကျဉ်းသူတွေရဲ့ အခွင့်အရေးတွေအပေါ် စနစ်တကျချိုးဖောက်နေတာတွေကို အဆုံးသတ်ပစ်မယ်လို့လည်း တရားရေးဌာနကဆိုပါတယ်။
ကယ်လီဖိုးနီးယားစာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန(CDCR)၊ကယ်လီဖိုးနီးယားဗဟိုအမျိုးသမီးအကျဉ်းထောင်(CCWF)နဲ့ ကယ်လီဖိုးနီးယား အမျိုးသမီးရေးရာအင်စတီကျူး(CIW)ဟာ အကျဉ်းထောင်တွင်းမုဒိမ်းမှုတိုက်ဖျက်ရေးဥပဒေ (Prison Rape Elimination Act – PREA) ကို အပြည့်အဝ အကောင်အထည်မဖော်တာဟာ ဥပဒေကိုချိုးဖောက်တာလို့လည်း တရားရေးဌာနကဆိုပါတယ်။
တရားရေးဌာနရဲ့ လက်ထောက်ရှေ့နေချုပ်ဟာ မီတ်ကေဒီလ်လန် (Harmeet K. Dhillon) က အမျိုးသမီးအကျဉ်းသူတွေမှာ အာဏာရှိတဲ့ဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုက အကာအကွယ်ရဖို့ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့်အရေးရှိတယ်လို့ဆိုပါတယ်။
ကယ်လီဖိုးနီးယားစာရိတ္တပြုပြင်ရေးနဲ့ ပြန်လည်ထူထောင်ရေး(CDCR)ဌာနဟာ ဒီလိုမတရားမှုတွေအကြိမ်ကြိမ်ဖြစ်နေတာကို သိရှိထားပါတယ်။ အာဏာရှိတဲ့ ဝန်ထမ်းတွေရဲ့စော်ကားမှုတွေထဲမှာ အမျိုးသမီးအကျဉ်းသူတွေဟာ ဒုက္ခတွေခံစားနေရပါတယ်။ ဒါကို အကာအကွယ်ပေးဖို့ပျက်ကွက်ခဲ့တယ်လို့ တရားရေးဌာနက ဆိုပါတယ်။
အဲဒီလိုကြမ်းတမ်းစက်ဆုတ်စရာကောင်းတဲ့ ယုတ်မာစော်ကားမှုတွေကို တရားရေးဌာနကအဆုံးသတ်ပစ်မယ်လို့ ဆိုပါတယ်။
အဲဒီလိုထုတ်ပြန်ရတာဟာ ဖက်ဒရယ်အဆင့်ပြည်သူ့အခွင့်အရေးဆိုင်ရာဥပဒေတွေဟာ လွတ်လပ်တဲ့အရေးယူဆောင်ရွက်နိုင်တယ်ဆိုတာကို သိသာစေချင်လို့ ဖြစ်တယ်လို့လည်းဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၉၈၀ ပြည့်နှစ်က အစိုးရထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အစည်းတွေ၊ အဖွဲ့အစည်းတွေမှာရောက်ရှိနေသူတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာဥပဒေ Civil Rights of Institutionalized Persons Act (CRIPA) ကိုပြဋ္ဌာန်းထားပါတယ်။
အဲဒီဥပဒေအရ တရားရေးဌာနဟာစိစစ်နေတာပါ။
အမေရိကန်တရားရေးဌာနက ပြည်သူလူထုကိုလည်း အခွင့်အရေးချိုးဖောက်မှုတွေအပေါ် သတ္တိရှိရှိတိုင်ကြားကြဖို့ကို ဆော်ဩထားပါသေးတယ်။
အိန္ဒိယ (India)
အိန္ဒိယကလည်း ဒီမိုကရေစီစနစ်ဖြစ်တာကြောင့် ဥပဒေကြောင်းအရအကာအကွယ်ပေးမှုတွေနဲ့ တရားရုံးတွေရဲ့ပါဝင်ပတ်သက်မှုမြင့်မားပါတယ်။
ဂါဒီးယန်းသတင်းစာရဲ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ဖော်ပြချက်မှာ အိန္ဒိယအကျဉ်းထောင်တွေဟာ ဖုံးဖိထားတဲ့မုဒိမ်းမှုအရှုပ်တော်ပုံတွေရှိနေပြီး ဝန်ထမ်းတွေနှုတ်ပိတ်ခတွေ ရယူထားကြတယ်လို့ဆိုပါတယ်။
အနောက်ဘင်္ဂလားပြည်နယ်က အကျဉ်းထောင်တွေမှာ အမျိုးသမီးအကျဉ်းသူတွေကို အမျိုးသားအကျဉ်းသားတွေဆီပို့ကြပါတယ်။ ထောင်တွေထဲမှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုက ရိုးရှင်းတဲ့ပုံမှန်လိုဖြစ်နေပြီး ကလေးသူငယ်ရာပေါင်းများစွာ မွေးဖွားလာကြပါတယ်။ အမျိုးသမီးတွေကကြောက်ရွံ့လွန်ပြီး ထုတ်ဖော်ပြောဆိုရဲခြင်းမရှိကြဘူး။ ဒါတွေကို တရားရုံးကပြန်စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။
ဥပဒေနဲ့တရားရုံးစနစ်တွေ အားကောင်းပေမယ့် အိန္ဒိယတရားစီရင်ရေးစနစ်ကြာမြင့်တာ၊ ဒေသဆိုင်ရာရဲတပ်ဖွဲ့တွေရဲ့ လွှမ်းမိုးတာတွေကြောင့် အောက်ခြေအဆင့်မှာတိုင်ကြားဖို့ ကြောက်ရွံ့တာတွေရှိနေဆဲဖြစ်ပေမယ့် အစိုးရမဟုတ်တဲ့ (NGOs)တွေ၊ မီဒီယာတွေဖော်ထုတ်နိုင်တာ အိန္ဒိယအတွက်အားသာချက်ပါ။
သတင်းစာမျက်နှာပေါ်ရောက်လာတဲ့အမှုတွေကိုသာ တရားရုံးကအရာရှိတွေ အရေးယူလုပ်ပေးကြပါတယ်။
ရုရှား
လိင်ပိုင်းဆိုင်ရာစော်ကားမှုစွပ်စွဲချက်တွေကြောင့် ရုရှားကထောင်အရာရှိငါးဦးကို ရာထူးမှထုတ်ပယ်ခဲ့တယ်လို့ DW သတင်းဌာနက AFP နဲ့ ရိုက်တာ သတင်းဌာနတွေကို ကိုးကားပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က ဖော်ပြခဲ့ပါတယ်။
ရုရှားတောင်ပိုင်းစာရာတော့ဗ် (Saratov) ပြည်နယ်မှာ အကျဉ်းထောင်အရာရှိတွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကိုရိုက်ကူးထားတဲ့ ဗီဒီယိုတွေထွက်ပေါ်လာပြီးနောက်အရေးယူခဲ့တာပါ။
ကျူးလွန်သူတွေကို ရာထူးကထုတ်ပယ်ပြီး ရုရှားအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
တရုတ်
၂၀၂၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာ South China Morning Post သတင်းစာက တရုတ်မှာသံကြိုးဖြင့်ချည်နှောင်ခံရတဲ့ အမျိုးသမီးဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အရာရှိတွေကို ရာထူးမှထုတ်ပယ်ပြီး ပြစ်ဒဏ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ထုတ်ပြန်ချက်အရ အဲဒီအမျိုးသမီးကိုတွေ့ရှိခဲ့တဲ့ မြို့နယ်အဆင့်ကွန်မြူနစ်ပါတီ ခေါင်းဆောင်ကိုလည်းရာထူးမှထုတ်ပယ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအမျိုးသမီးကိုလူကုန်ကူးသူတဦးက ဂျင်းဆူ (Jiangsu) ပြည်နယ်ကိုခေါ်လာပြီး မင်္ဂလာဆောင်သတို့သမီးအဖြစ်နှစ်ကြိမ်တိုင်တိုင်ရောင်းစားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုအခြေအနေတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ကျူးလွန်သူကိုရောကျူးလွန်မှုအပေါ် ကိုင်တွယ်ဖို့ ပျက်ကွက်တဲ့တာဝန်ရှိသူတွေကိုပါ အရေးယူလာတဲ့ဖြစ်စဉ်တွေပါ။
အဲဒါတွေကိုကြည့်ရင် နောက်ခံအခြေအနေတချို့ကိုလည်း ဆွဲထုတ်နိုင်ပါတယ်။
ကျူးလွန်ခံရသူသားကောင်တွေဟာ လွတ်လပ်ပွင့်လင်းတဲ့အခင်းအကျင်းထဲမှာမရှိဘဲ ထိန်းချုပ်ခံရမှုအောက်တခုခုထဲမှာ ရှိနေတာ၊
အဲဒီလိုထိန်းချုပ်ခံရတဲ့အခြေအနေထဲမှာ လုပ်ပိုင်ခွင့်အာဏာရှိသူတွေ၊သူတို့နဲ့ နီးစပ်သူတွေက ကျူးလွန်သူတွေဖြစ်နေတာ၊ လွတ်လပ်ပွင့်လင်းတဲ့ အခင်းအကျင်းထဲမှာမရှိဘဲ ထိန်းချုပ်ခံရမှုအောက်တခုခုထဲမှာရှိနေတာကြောင့် သတင်းအချက်အလက်အမှောင်ဖုံးနေတဲ့အနေအထားကို ကျူးလွန်သူတွေက အသုံးချနေတာ၊ကျူးလွန်သူတွေဟာ လုပ်ပိုင်ခွင့်အာဏာရှိတဲ့အုပ်စုထဲကဖြစ်တာကြောင့် လုပ်ပိုင်ခွင့်အာဏာရှိတဲ့အုပ်စုတွေကပဲ ဖုံးဖိထားတာ၊သားကောင်တွေဟာ ကိုယ်ကျူးလွန်ခံရမှုကို ဖော်ထုတ်ဖို့ကြောက်လန့်နေတာစတဲ့ အချက်တွေကိုတွေ့ရမှာပါ။
တော်လှန်ရေးနယ်မြေတွေက လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေ
အဲဒီအချက်တွေနဲ့ မြန်မာနိုင်ငံထဲက ရခိုင်အပါအဝင်တော်လှန်ရေးနယ်မြေတွေကို ချိန်ထိုးကြည့်ရင်ကိုက်ညီနေတာတွေကို တွေ့ရမှာပါ။
တော်လှန်ရေးနယ်မြေထဲက ထိန်းသိမ်းရေးစခန်းတွေ၊လေ့ကျင့်ရေးစခန်းတွေ၊ စုဆောင်းရေးစခန်းတွေဟာ သတင်းအချက်အလက်ဆိုင်ရာလွတ်လပ်ပွင့်လင်းမှုမရှိတာသဘာဝပါ။
အဲဒီလို ရေခံ၊မြေခံပေါ်မှာ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေအတွက် အသံတွေထွက်လာဖို့ခက်ခဲနေပါတယ်။
ဒါပေမယ့် ရခိုင်ဒေသဟာနိုင်ငံတကာတရားရုံး(ICJ)ရဲ့ စီရင်ချက်အောက်မှာရှိနေပြီး မြန်မာနိုင်ငံတဝှမ်းထဲက လက်နက်ကိုင်တွေရဲ့အခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တား(IIMM) ကလည်း စုံစမ်းမှတ်တမ်းတင်နေချိန်ပါ။
နိုင်ငံတကာတရားရုံး(ICJ) စီရင်ချက်ထွက်လာခဲ့ရင် ရာဇဝတ်မှုတွေကိုကိုင် တွယ်ရမယ့်တရားရုံးတွေ ရှိလာနိုင်ပါတယ်။
လက်ရှိမှာလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က စုံစမ်းမှုတွေရှိနေပါတယ်။ ရုရှား၊ တရုတ်မှာတောင် ဘယ်လောက်ပဲအာဏာရှင်ဆန်ပြီး အကန့်အသတ်တွေရှိနေပါစေ ဖုံးမရဖိမရဖြစ်လာရင် အောက်ခြေအဆင့်တွေကို ထိုးကျွေးတတ်တာပါပဲ။
လက်ရှိမှာ ရုရှား၊တရုတ်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာစွပ်စွဲချက်တွေရှိနေပါတယ်။
အဲဒီလို စွပ်စွဲချက်တွေကိုလည်း ကိုယ့်ပြည်တွင်းတရားစီရင်ရေးစနစ်နဲ့ကိုင်တွယ်ပြပြီး အောက်ခြေအဆင့်၊အလယ်အလတ်အဆင့်၊အထက်အဆင့်အရာရှိတွေကိုထိုးကျွေးပြီး ရှောင်ထွက်တတ်ပါတယ်။
နိုင်ငံတကာမှာ အမြတ်ထုတ်လို့ရတဲ့ အခင်းအကျင်းတွေရှိလာရင် စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာကအရေးယူဖို့ ထောက်ခံပြထွက်ပေါက်ရှာတတ်ပါတယ်။
အမေရိကန်ဆိုလည်း နိုင်ငံတကာရာဇဝတ်ခုံရုံး( ICC )က အမေရိကန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ကျူးလွန်မှုကို အရေးယူဖို့ကိုကန့်ကွက်နေပေမယ့် တကယ်တမ်းဖုံးမရဖိမရဖြစ်လာရင် ကိုယ်တိုင်အရေးယူခဲ့တာတွေရှိပါတယ်။
ခုလည်းတရားရေးဌာနကထုတ်ပြန်ချက်ဟာ လူထုနဲ့နိုင်ငံတကာဆီကဖိအားတွေလျော့အောင် အလိုက်သင့်ပြန်ပြီးတုံ့ပြန်တဲ့ သဘောလည်းပါပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေဟာ ဒီအတိုင်းပျောက်ပျက်သွားမှာမဟုတ်ပါဘူး။
ကိုးကား…
USA…
Russia…
China…
India…







