Border News Agency
မြောက်ဦး၊သြဂုတ် ၁၈။
ကုလသမဂ္ဂထုတ်ပြန်ချက်တွေအရ ၂၀၀၀ ပြည့်နှစ်မှာ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ထွက်လာပြီးနောက်မှာ လက်နက်ကိုင်ပဋိပက္ခ ဒါမှမဟုတ် လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ထပ်ထွက်လာတာဆယ်ခုရှိနေပါပြီ။
အဲဒီဆုံးဖြတ်ချက်တွေက…
၁- ဆုံးဖြတ်ချက်အမှတ် ၁၃၂၅။
၂-ဆုံးဖြတ်ချက်အမှတ် ၁၈၂၀။
၃- ဆုံးဖြတ်ချက်အမှတ်၁၈၈၈။
၄- ဆုံးဖြတ်ချက်အမှတ် ၁၈၈၉။
၅- ဆုံးဖြတ်ချက်အမှတ် ၁၉၆၀။
၆- ဆုံးဖြတ်ချက်အမှတ် ၂၁၀၆။
၇- ဆုံးဖြတ်ချက်အမှတ် ၂၁၂၂။
၈- ဆုံးဖြတ်ချက်အမှတ် ၂၂၄၂။
၉- ဆုံးဖြတ်ချက်အမှတ် ၂၄၆၇။
၁၀-ဆုံးဖြတ်ချက်အမှတ် ၂၄၉၃။
အဲဒီဆုံးဖြတ်ချက်တွေက ပြောနေတဲ့ တန်ဖိုးတွေက…
လူတွေဟာ စစ်ပွဲတွေ၊ပဋိပက္ခတွေနဲ့ သမိုင်းအဆက်ဆက်ယှက်နွယ်နေခဲ့ကြပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းတရာခန့်က စစ်ပွဲဆိုင်ရာစံနှုန်းတွေနဲ့ လက်ရှိကာလကစံနှုန်းတွေမတူတော့ပါဘူး။
လွန်ခဲ့တဲ့နှစ်ပေါင်းတရာကျော်က စစ်ပွဲထဲမှာကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကလွတ်ကင်းနိုင်ပေမယ့် လက်ရှိမှာတော့အဲဒီလိုမဟုတ်တော့ပါဘူး။
အဲဒီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ က စံနှုန်းတွေဆိုရင် နောက်ပိုင်းဆုံးဖြတ်ချက်တွေက ကျူးလွန်သူတွေကိုအရေးယူဖို့နဲ့ ကျူးလွန်ခံရသူတွေကိုအကာအကွယ်ပိုပေးဖို့အပိုင်းတွေဖြစ်ပါတယ်။
အဲဒီအပိုင်းတွေမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ပတ်သက်လို့ လက်နက်ကိုင်တပ်တွေကို ဘယ်လိုကိုင်တွယ်သင့်တယ်ဆိုတဲ့အပိုင်းတွေပါ ပါဝင်လာပါတယ်။
ဆုံးဖြတ်ချက်တွေ ထိရောက်ရဲ့လား
အဲဒီဆုံးဖြတ်ချက်တွေက အကြံပြုတိုက်တွန်းချက် သဘော၊ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောထားဆန္ဒဘက်ကို ပိုပြီးညွှန်းနေတာကြောင့် မဖြစ်မနေလိုက်နာရမယ်ဆိုတဲ့ သဘောမျိုးတော့ မဟုတ်သလို လုံးဝမျက်ကွယ်ပြုချိုးဖောက်လို့ရတယ်ဆိုတဲ့ သဘောလ ည်းမဟုတ်ပါဘူး။
အဲဒီဆုံးဖြတ်ချက်တွေ ထွက်လာပြီးနောက်ပိုင်း ကမ္ဘာမှာအပြောင်းအလဲတွေရှိလားဆိုရင် အတိုင်းအတာတခုထိရှိလာပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေထဲက လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေကို ပွင့်လင်းမြင်သာစွာဖော်ထုတ်ဖို့ကိစ္စမှာ “ဒါတွေကို တပ်ဖွဲ့ဂုဏ်သိက္ခာအတွက် ဖုံးဖိထားရမယ်။”ဆိုတဲ့ဘက်က “လုံးဝလက်မခံသင့်တဲ့ကိစ္စ (Zero Tolerance)”ဆိုတဲ့ဘက်ကို ကမ္ဘာကြီးကရှုမြင်လာတာပါပဲ။
အပြောင်းအလဲတွေ
အမေရိကန်ပြည်ထောင်စု
လက်ရှိအချိန်မှာ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC) ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ ထရန့်ကဘယ်လောက်ပြောနေပါစေ။
အမေရိကန်စစ်တပ်ထဲက လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေကို ကာကွယ်ရေးဝန်ကြီးဌာနအောက်က လိင်ပိုင်းဆိုင်ရာစော်ကားမှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ရေးရုံး (SAPRO) ကနေပြီး နှစ်စဉ်အစီရင်ခံစာ (Annual Report on Sexual Assault in the Military) ကို ကွန်ဂရက်လွှတ်တော်သို့ တရားဝင်တင်ပြနေသလို အများပြည်သူကိုပါ ပွင့်လင်းမြင်သာစွာချပြနေတာပါ။
ယူနိုက်တက်ကင်းဒမ်း
ဗြိတိန်စစ်တပ် (British Armed Forces) မှာလည်း တပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို ကာကွယ်ရေးကော်မတီလို လွှတ်တော်ဆိုင်ရာ ကော်မတီတွေက သီးသန့်စစ်တမ်းများကောက်ယူတာ၊ လေ့လာဆန်းစစ်မှုအစီရင်ခံစာတွေထုတ်ပြန်တာနဲ့ စစ်တပ်အတွင်းအခြေအနေတွေကို လွှတ်တော်တွင်း ပွင့်လင်းစွာ ဆွေးနွေးအဖြေရှာခြင်းပြုလုပ်ကြပါတယ်။
ဩစတြေးလျ
ဩစတြေးလျကာကွယ်ရေးတပ်ဖွဲ့ (ADF) မှာလည်း တပ်တွင်းလုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်နဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအချက်အလက်တွေကို နှစ်စဉ် ကာကွယ်ရေးအစီရင်ခံစာ (Department of Defence Annual Report) တွေမှာ ထည့်သွင်းဖော်ပြလေ့ရှိပြီး လွတ်လပ်တဲ့လူ့အခွင့်အရေးကော်မရှင်တွေနဲ့ ချိတ်ဆက်ကိုင်တွယ်ကြပါတယ်။
နောက်ပြီး ကနေဒါ၊နော်ဒစ်နိုင်ငံတွေ၊နယူးဇီလန်၊ဂျပန်၊တောင်ကိုးရီးယားတို့မှာလည်း မိမိတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲက လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေကို လူထု ဒါမှမဟုတ် လွှတ်တော်ကို ချပြအစီရင်ခံလာကြပါတယ်။
ဘာကြောင့် ဒီလိုချပြကြသလဲ။ လက်နက်ကိုင်တပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာထိခိုက်မှာ မစိုးရိမ်ဘူးလား။
အဲဒီလိုချပြနေရင် တပ်ဖွဲ့ရဲ့ ညီညွတ်ရေးနဲ့ စွမ်းရည်တွေကို မထိခိုက်ဘူးလားဆိုရင် အဖြေကလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာနဲ့ ညီညွတ်မှု၊ စွမ်းရည်ကို ပိုပြီးခိုင်မာစေချင်လို့သာ အခုလိုဖော်ထုတ်ချပြဖို့၊အရေးယူဖို့ ဖြစ်လာရတာပါ။
အဲဒီနေရာမှာ သဘောသဘာဝအရ အမြင်တန်ဖိုးနှစ်ခုကိုအခြေခံလာပါတယ်။
စစ်တပ်ဆိုတာ ပြည်သူ့အခွန်ငွေနဲ့ တည်ရှိနေတဲ့အဖွဲ့အစည်းဖြစ်တယ်။ တပ်ဖွဲ့ဝင်တွေဆိုတာလည်း ပြည်သူတွေရဲ့ သားသမီးတွေသာဖြစ်တယ်။
အဲဒါကြောင့် တပ်တွင်းဖြစ်စဉ်တိုင်းဟာ ပြည်သူနဲ့ လွှတ်တော်ကို အပြည့်အဝ တာဝန်ခံရမယ်ဆိုတဲ့ “ပြည်သူ့ကို ဗဟိုပြုတဲ့အမြင်” ဖြစ်ပါတယ်။
စစ်တပ်ဆိုတာ လူထုကိုဘေးအန္တရာယ်ကနေကာကွယ်ဖို့ ဖွဲ့ထားတဲ့အဖွဲ့အစည်းပါ။
အဲဒါကြောင့် စစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ တပ်ဖွဲ့ဝင်တွေ၊ အမျိုးသမီးတပ်ဖွဲ့ဝင်တွေအတွက် “အကြောက်တရားမရှိဘဲ လုံခြုံစွာတာဝန်ထမ်းဆောင်နိုင်တဲ့ ပတ်ဝန်းကျင် ” ဖြစ်နေဖို့လိုပါတယ်။
ကိုယ့်တပ်ဖွဲ့ဝင်တွေကိုတောင်မှ အခွင့်အရေးချိုးဖောက်နေရင် လူထုကိုဘယ်လိုကာကွယ်ပေးမှာလဲဆိုတဲ့ အမြင်ပါ။
အဲဒါကြောင့် တပ်ဖွဲ့တွင်းလိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေဟာ အာဏာနဲ့လုပ်ပိုင်ခွင့်ဆိုင်ရာ အလွဲသုံးစားမှုဖြစ်ပြီး တရားမျှတမှုကို ကင်းမဲ့စေပါတယ်။
တရားမျှတမှုကင်းမဲ့နေရင် ရဲဘော်ရဲဘက်တွေကြား ယုံကြည်မှုကိုပြိုကွဲစေပြီး တပ်တွင်းစည်းလုံးရေး (Cohesion) နဲ့ တိုက်ရည်ခိုက်ရည်ကို တိုက်ရိုက် ပျက်စီးစေပါတယ်။
အဲဒီလို မတရားမှုကို တပ်ဖွဲ့ ဂုဏ်သိက္ခာဆိုတဲ့ အကြောင်းပြချက်အောက်မှာ ကင်းလွတ်ခွင့်၊ချိုးဖောက်ခွင့်ပေးထားလို့မရပါဘူး။
မကြိုက်လည်း ပြောရမယ့်အချက်ဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအမြင်ပါပဲ။
လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးဟာလည်း လူဖြစ်ပါတယ်။သူ့မှာလည်း လူ့ဂုဏ်သိက္ခာရှိပါတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်တဦးရဲ့ ခန္ဓာကိုယ်နဲ့သိက္ခာကို အထက်အရာရှိတွေအပါအဝင် ဘယ်သူကမှထိပါးစော်ကားလို့ မရပါဘူး။ ဒါဟာရာဇဝတ်မှုပါ။
အဲဒါကြောင့် ဘယ်အထက် အထက်အရာရှိ ဒါမှမဟုတ် တပ်ဖွဲ့ရဲ့ ဘယ်အစိတ်အပိုင်း၊ ဘယ်အခွင့်အရေးကမဆို ဥပဒေအထက်မှာ မရှိစေရဆိုတဲ့အမြင်ပါ။
အဲဒါကြောင့်လည်း အဖွဲ့အစည်းဆိုင်ရာ ခေါင်းဆောင်မှုရှုထောင့်အရကို လိင်ပိုင်းဆိုင်ရာစော်ကားမှုဆိုတာ “တပ်ဖွဲ့အတွင်း ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စ” ဒါမှမဟုတ် “ကိုယ်ရေးကိုယ်တာ ကိစ္စ” အဖြစ် ရှုမြင်ထားချက်ဟာအန္တရာယ်ကြီးပြီး ဒါဟာစနစ်တစ်ခုလုံးရဲ့ ခေါင်းဆောင်မှုပျက်စီးမှု (Leadership Failure) အဖြစ် မြင်လာတာလည်းဖြစ်ပါတယ်။
ဒီဘက်ခေတ် ကမ္ဘာကြီးရဲ့ အမြင်မှာ “တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာအတွက် ပြဿနာတွေကို အတွင်းမှာဘဲ ဖုံးကွယ်ထားရမယ်” ဆိုတဲ့ဘက်ကနေ “ပြဿနာကို ပွင့်လင်းစွာဖော်ထုတ်ပြီး အမြစ်ပြတ်အရေးယူခြင်းကသာ စစ်တပ်ရဲ့ဂုဏ်သိက္ခာနဲ့စည်းကမ်းကို အမြင့်မားဆုံးမြှင့်တင်ပေးနိုင်မယ်” ဆိုတဲ့ သဘောထားဘက်ကို ပြောင်းလဲသွားပြီး လုံးဝသည်းမခံမူ (Zero Tolerance) ဘက်ကို ရောက်လာတာပါ။
Zero Tolerance ရဲ့ သဘောက “လက်နက်ကိုင်တွေနဲ့ ဆက်စပ်တဲ့ကိစ္စရပ်တွေ၊ နယ်ပယ်တွေမှာ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေ လုံးဝမရှိရတဲ့အခြေအနေကို ဖော်ဆောင်ခြင်း” ပါပဲ။
လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအမြင်တွေ
အဲဒါကြောင့် ဒီမိုကရေစီလူ့အသိုင်းအဝိုင်းတွေမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကို သင်တန်းပေးတဲ့အခါ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကို တန်ဖိုးထားဖို့၊တရားဥပ ဒေစိုးမိုးရေးကို တန်ဖိုးထားဖို့အတွက်ကိုပါ သင်တန်းတွေအများအပြား ပေးနေရပါတယ်။
မြန်မာနိုင်ငံအခြေအနေ
လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို လက်ရှိမြန်မာစစ်တပ်ရဲ့ တန်ဖိုးထားမှုကိုတော့သိကြသည့်အတိုင်းပါ။
အာဏာရှင်စနစ်ကိုမကြိုက်လို့ ရခိုင်အပါအဝင်နေရာအသီးသီးမှာ တော်လှန်နေတဲ့သူတွေရဲ့ အပြုအမူကကော…။
စစ်ပွဲတွေတာရှည်လာတာနဲ့အမျှ တပ်သားသစ်လိုအပ်ချက်တွေဟာရှိလာပါတယ်။
မြန်မာစစ်တပ်ရော လက်နက်ကိုင်တပ်ဖွဲ့အသီးသီးဟာ လူသစ်စုဆောင်းမှုကိုလုပ်နေကြပါတယ်။
တိုက်ခိုက်ရေးဆိုင်ရာ ကာလတိုသင်တန်းတွေပေးပြီး တိုက်ပွဲတွေကို ပို့နေကြပါတယ်။
အဖွဲ့အစည်းတွေ ခိုင်မာနေတဲ့ နိုင်ငံတွေမှာတောင် တပ်ဖွဲ့ဝင်တွေကို လူ့အခွင့် အရေး၊ဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားဖို့အတွက် သင်တန်းအချိန်ကာလတွေ မနည်းကိုပေးနေရတာပါ။
အဲဒီနေရာမှာ ကာလတိုသင်တန်းတွေပေးပြီး တိုက်ပွဲတွေကိုစေလွှတ်နေတဲ့အခါ တပ်ဖွဲ့ဝင်တွေကိုလူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို တန်ဖိုးထားဖို့အတွက် ဘယ်လိုမှသင်တန်းပေးနိုင်မှာ မဟုတ်ပါဘူး။
အဲဒါကြောင့်လည်း ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ရှိလာဖို့အတွက်ရေခံမြေခံတွေလိုဖြစ်နေပါတယ်။
အဲဒီလိုအခြေအနေတွေကိုလည်း ကမ္ဘာကြီးကမြင်နေပါတယ်။
လူထုရဲ့သွားလာခွင့်ကို ကန့်သတ်ပြီး လူထုကိုအကြောက်တရားနဲ့ထိန်းချုပ်ကာ လူထုကိုပဲစစ်ရေးအတွက် အရင်းအမြစ်အဖြစ် အသုံးချလာတာတွေဟာလည်း ရှိနေပါတယ်။
အကျပ်အတည်းတွေနဲ့ ထွက်ပေါက်မဲ့လာတဲ့အခါ အဆင်ပြေရာနေရာကိုထွက်သွားမယ့် ပြည်သူတွေကိုဖမ်းဆီးပြီး အသက်အရွယ်ငယ်ရွယ်သူတွေကို သဘောဆန္ဒမပါဘဲ စစ်ထဲဆွဲသွင်းတာတွေ ရှိနေပါတယ်။
အဲဒီလို သွားလာခွင့်ကိုပိတ်ဆို့ထားတဲ့ အခြေအနေအောက်မှာထွက်ခွာဖို့ကြိုးစားတဲ့ ငယ်ရွယ်နုပျိုသူတွေကို ဖမ်းဆီးတဲ့ဖြစ်စဉ်တွေရှိလာတာနဲ့အမျှ အဲဒီလို ဖမ်းဆီးခံရတာတွေမှာ အမျိုးသမီးငယ်တွေလည်းပါနေပါတယ်။
အဲဒီအနေအထားမျိုးမှာကို ဖမ်းဆီးခံရတဲ့မိန်းကလေးတွေအတွက်က လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုအန္တရာယ်တွေက ရှိနေပြီဆိုတာကိုလည်း သက်ဆိုင်သူတွေဘက်က သတိပြုသင့်ပါတယ်။
တချို့နေရာတွေမှာ အဲဒီလိုနယ်မြေကနေ ထွက်ခွာဖို့ကြိုးစားတဲ့ မိန်းကလေးတွေကိုဖမ်းဆီးပြီး စစ်သင်တန်းထဲမရောက်ခင် လမ်းမှာမတော်မတရားပြုကျင့်လို့ စစ်သင်တန်းမှာဗိုက်ကြီးလာခဲ့ရင် အင်မတန်မှရုပ်ဆိုးလွန်းတဲ့ စိတ်ထိခိုက်စရာကောင်းတဲ့ ဖြစ်ရပ်တွေဟာလည်း ရှိလာနိုင်ပါတယ်။
အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး (ICC) ပဋိညာဉ် အပိုဒ် ၂၈ (Rome Statute Article 28) ဟာ ခေါင်းဆောင်တွေရဲ့ အမိန့်ပေးမှုဆိုင်ရာ တာဝန်ရှိမှု (Command Responsibility) ကို ဖော်ပြထားပါတယ်။
အဲဒီပဋိညာဉ်အပိုဒ် ၂၈ အရ စစ်ရာဇဝတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့အောက်ခြေတပ်ဖွဲ့ဝင်များသာမက၊ အဲဒီလို ကျူးလွန်မှုကိုသိလျက်တားဆီးဖို့ပျက်ကွက်ခဲ့တဲ့ ဒါမှမဟုတ် အရေးယူရန်ပျက်ကွက်တဲ့ ခေါင်းဆောင်တွေမှာပါ တိုက်ရိုက်ပြစ်ဒဏ်ထိုက်တယ်ဆိုတာကိုပါ ပြဋ္ဌာန်းထားတာကိုလည်း သတိပြုဖို့ လိုပါတယ်။
ကိုးကား…
USA (SAPRO အစီရင်ခံစာ)
UK (လွှတ်တော် ကာကွယ်ရေးကော်မတီ အစီရင်ခံစာ)
ဩစတေးလျလူ့အခွင့်အရေးကော်မ ရှင်အစီရင်ခံစာ
ကနေဒါအစိုးရအစီရင်ခံစာ
နယူဇီယန်အစိုးရအစီရင်ခံစာ
ဆွီဒင်
နော်ဝေး
ဂျပန်
ကိုးရီးယား










