Border News Agency
ဂါဇာ၊မေ ၂၇။
မွတ်စလင်တို့ရဲ့အိဒ်ဆုတောင်းပွဲနေ့မြတ်ကာလအတွင်းမှာ အစ္စရေးစစ်တပ်ကအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၇ ဦး သေဆုံးသွားခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီဂါဇာအလယ်ပိုင်း မာဂါဇီဒုက္ခသည်စခန်းကို မေလ ၂၆ ရက်နေ့မှာအစ္စရေးက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီးအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးရုံတာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဒုက္ခသည်စခန်းအရှေ့ပိုင်းမှာ အစ္စရေးကျောထောက်နောက်ခံပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုကို သွားရောက်ရင်ဆိုင်ခဲ့ကြတဲ့ ပါလက်စတိုင်းပြည်သူတွေကိုပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဗုံးကြဲမှုအပြီးမှာအစ္စရေးနောက်ခံအဖွဲ့ဟာ ဘေးကင်းကင်းနဲ့ ဆုတ်ခွာသွားနိုင်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယားသတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင်ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့မှာလည်း အစ္စရေးက မော်တော်ယာဉ်တစီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့လို့ အနည်းဆုံး လူ ၂ ဦး သေဆုံးပြီးအများအပြား ဒဏ်ရာရသွားခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ အမေရိကန်နဲ့ ကာတာတို့ ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်းပြည်သူ ၉၀၀ ကျော် သေဆုံးခဲ့ရပြီး ဟားမတ်စ်ထိန်းချုပ်နယ်မြေတွေမှာ အစ္စရေးက ဒေသခံတွေကို ခြိမ်းခြောက်ဖို့နဲ့ မတည်ငြိမ်အောင်လုပ်ဖို့ လက်နက်ကိုင်အဖွဲ့တွေကို အသုံးချနေတယ်လို့ သတင်းတွေက ထောက်ပြထားပါတယ်။










