Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၉။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲအပိုင်းသုံးအတွက် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ငါးဆယ်လေးဦးရဲ့ အမည်စာရင်းကို ဇန်နဝါရီလ ၂၈ ရက်၊မနေ့ကထုတ်ပြန်လိုက်ပါတယ်။
အဲဒီထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) မှကိုယ်စားလှယ်အများစု ပါဝင်လာတာကို တွေ့ရပါတယ်။
အဲဒီကိုယ်စားလှယ်ငါးဆယ်လေး ဦးစာရင်းမှာကြံ့ခိုင်ရေးပါတီက အယောက် ငါးဆယ်အထိ ပါဝင်နေပြီး တခြား တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကျားဖြူပါတီ (SNDP) ကနှစ်ဦး၊ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကတ ဦးနဲ့ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီကတ ဦးဖြစ်ပါတယ်။
အဲဒီအပြင်ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး ရှုံးနိမ့်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ဦးရန်မျိုးအောင်သိန်းက အနိုင်ရသွားတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်ကတည်းက အပိုင်းလိုက် ခွဲခြားကျင်းပခဲ့တဲ့ ဒီရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်အပါအဝင် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အသီးသီးမှာ မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) တွေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
အဲဒီအပြင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယယ် ၂၉ နယ်အပါအဝင် လွှတ်တော်အဆင့်ဆင့်အတွက် မဲဆန္ဒနယ်ပေါင်းများစွာမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်လို့ဆိုပါတယ်။












