Border News Agency
အစ္စရေး၊ ဧပြီ ၁၇။
အစ္စရေး-အီရန် စစ်ပွဲကြောင့် ကမ္ဘာ့စွမ်းအင်တင်ပို့မှုတွေထိခိုက်နေရတဲ့ ဟော်မုဇ်ရေလက်ကြားမှာ အီရန်ဘက်ကထောင်ထားတဲ့ ရေအောက်မိုင်းတွေကိုဖယ်ရှားဖို့ အမေရိကန်စစ်တပ်က စစ်ဆင်ရေးတွေစတင်နေပြီဖြစ်ပါတယ်။
အဲဒီစစ်ဆင်ရေးမှာ လူအထိအခိုက်နည်းအောင်လို့ အဝေးထိန်းဒရုန်းတွေ၊ ရေအောက်ရိုဘော့တွေနဲ့ ဟယ်လီကော်ပတာတွေကို အဓိကအသုံးပြုသွားမှာပါ။
အီရန်ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ဒီရေလက်ကြားမှာ ရေအောက်မိုင်းဒါဇင်နဲ့ချီပြီးထောင်ထားခဲ့တာကြောင့် ကုန်သွယ်ရေးသင်္ဘောတွေသွားလာဖို့ အန္တရာယ်ရှိနေတာဖြစ်ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ကတော့ အီရန်ရဲ့ မိုင်းထောင်တဲ့သင်္ဘောတွေကို အကုန်နှစ်မြှုပ်ပစ်လိုက်ပြီလို့ပြောထားပေမဲ့ ကျန်နေသေးတဲ့မိုင်းတွေကို ရှင်းဖို့ကတော့အချိန်ယူရဦးမှာဖြစ်ပါတယ်။
မိုင်းရှင်းလင်းရေးအတွက် အရင်ကလိုလူတွေပါတဲ့သင်္ဘောတွေအစား အခုနောက်ပိုင်းမှာ Littoral Combat Ships (LCS) လို့ခေါ်တဲ့ ခေတ်မီသင်္ဘောတွေကိုသုံးလာပါတယ်။
ဒီသင်္ဘောတွေမှာပါတဲ့ AI စနစ်သုံး ရေအောက်ဒရုန်းတွေက မိုင်းတွေကိုရှာဖွေဖော်ထုတ်ပေးမှာဖြစ်သလို “Archerfish” လို့ခေါ်တဲ့ ပေါက်ကွဲစေတတ်တဲ့ ကိရိယာတွေသုံးပြီး မိုင်းတွေကိုဖျက်ဆီးသွားမှာပါ။
ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဒီရေလက်ကြားတခုလုံး မိုင်းကင်းစင်သွားဖို့အတွက် ၂ ပတ်ကနေ ၃ ပတ်လောက်အထိ အချိန်ယူရနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုင်းရှင်းလင်းရေးလုပ်နေတဲ့အဖွဲ့တွေကို အီရန်ဘက်ကထပ်မံတိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် အမေရိကန်က လေကြောင်းဒရုန်းတွေနဲ့ တခြားစစ်သင်္ဘောတွေကိုပါ အကာအကွယ်အနေနဲ့ချထားရပါတယ်။
လက်ရှိမှာတော့အမေရိကန်စစ်တပ်ဟာ ရေအောက်ဒရုန်းတွေနဲ့ သင်္ဘောတွေကိုရေလက်ကြားထဲ စတင်စေလွှတ်နေပြီဖြစ်ပြီး ဒါဟာ အီရန်ရဲ့ပိတ်ဆို့မှုကိုကျော်လွှားဖို့ ကြိုးစားချက်တခုဖြစ်ပါတယ်။
ဒီမိုင်းရှင်းလင်းရေးသာအောင်မြင်သွားရင် ကမ္ဘာ့ရေနံနဲ့ စွမ်းအင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပြန်ပွင့်လာမှာဖြစ်ပါတယ်။






