Border News Agency
နေပြည်တော်၊ ဧပြီ ၁၇။
စစ်ကော်မရှင်တပ်က မြန်မာနှစ်ဆန်းတရက်နေ့မှာ အကျဉ်းသား ၄,၃၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးတယ်လို့ ကြေညာထားပေမယ့် တကယ်တမ်း လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား ပါဝင်မှုဟာ အလွန်နည်းပါးနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
PPNM ရဲ့ ဒီနေ့နေ့လည်ပိုင်းအထိ ရရှိထားတဲ့ အချက်အလက်တွေအရ အကျဉ်းထောင် ၁၉ ခုကနေ လွတ်မြောက်လာသူ ၅၈၀ ကျော် ရှိပြီဖြစ်ပေမယ့် အဲဒီထဲမှာ အတည်ပြုနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားက ၁၆၅ ဦးပဲ ရှိပါသေးတယ်။
ဒါဟာ အကျဉ်းသားလွှတ်ပေးတဲ့ အချိုးအစားအရ ကြည့်ရင် အတော်လေး နည်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသာယာဝတီ၊ အိုဘို၊ မြောင်းမြ၊ ကလေးနဲ့ အင်းစိန်အကျဉ်းထောင်တွေအပါအဝင် ထောင်အသီးသီးကနေ နိုင်ငံရေးအကျဉ်းသားတချို့ လွတ်လာတာကို အတည်ပြုနိုင်ထားပြီး ကျန်ရှိနေသူတွေရဲ့ အချက်အလက်တွေကိုလည်း PPNM ဘက်က ဆက်လက်စိစစ်နေဆဲလို့ဆိုပါတယ်။
ဒီနေ့မှာ သမ္မတဦးဝင်းမြင့် လွတ်မြောက်လာပေမယ့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား ထောင်နဲ့ချီပြီး ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ဖို့ လိုအပ်နေသေးတယ်လို့ PPNM က ထောက်ပြထားပါတယ်။






