Border News Agency
အမေရိကန်၊ ဧပြီ ၁၈။
အမေရိကန်နဲ့အီရန်ကြား စစ်ပွဲရပ်စဲဖို့ သဘောတူညီမှုတခု မကြာခင် ရတော့မှာကိုယုံကြည်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
အီရန်ကိုယ်တိုင်ကလည်း စစ်ရပ်ဖို့ လိုလားနေတာကြောင့် လက်ရှိ နှစ်ပတ်ကြာ အပစ်ရပ်ထားမှုကိုတောင် သက်တမ်းထပ်တိုးဖို့ မလိုဘဲ အပြီးသတ် စာချုပ်ချုပ်နိုင်မယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က ပါကစ္စတန်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ အပြီးသတ် သဘောတူညီမှု မရခဲ့ပေမယ့် ဒီသီတင်းပတ်ကုန်မှာတော့ ထပ်မံဆွေးနွေးဖို့ ရှိနေပါတယ်။
သမ္မတထရမ့်ကတော့ အိမ်ဖြူတော်ရှေ့မှာ သတင်းထောက်တွေကို ပြောကြားရာမှာ အပြီးသတ် သဘောတူညီချက်တခု ရဖို့အတွက် အတော်လေး နီးစပ်နေပြီလို့ မှတ်ချက်ပေးခဲ့ပါတယ်။
ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန် သံတမန်ရေးရင်းမြစ်တွေအဆိုအရ နှစ်နိုင်ငံကြားမှာ ကနဦး နားလည်မှုစာချွန်လွှာ (MoU)လက်မှတ်ထိုးပြီး နောက်ထပ် ရက်ပေါင်း ၆၀ အတွင်းမှာ အပြီးသတ်စာချုပ်ချုပ်ဖို့ ညှိနှိုင်းနေကြတာပါ။
လောလောဆယ်မှာတော့ အခြေခံမူတွေကို နှစ်ဖက်စလုံးက သဘောတူထားပြီး ဖြစ်ပါတယ်။
အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်ပြည်တွင်းမှာ လူကြိုက်မများခဲ့ဘဲ သက်တမ်းဝက်ရွေးကောက်ပွဲ နီးလာတာကြောင့် စစ်ပွဲအမြန်ရပ်ဖို့ ထရမ့်အတွက် နိုင်ငံရေးအရ ဖိအားတွေ ရှိနေတာပါ။
စစ်ပွဲရပ်စဲတော့မယ့် သတင်းတွေကြောင့် နိုင်ငံတကာ ရေနံစျေးနှုန်းတွေလည်း ဒီနေ့မှာ ပြန်ကျလာပါတယ်။
လက်ရှိမှာတော့ နှစ်ဖက်စလုံးက အသေးစိတ်အချက်အလက်တွေကို ဆက်လက်ညှိနှိုင်းနေကြပြီး မကြာခင်မှာ စစ်ပွဲအပြီးသတ်ချုပ်ငြိမ်းမယ့် သတင်းထွက်ပေါ်လာဖို့ ရှိနေပါတယ်။






