Border News Agency
အမေရိကန်၊ ဧပြီ ၂၄။
ဟော်မုဇ်ရေလက်ကြားအတွင်း ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ မိုင်းထောင်နေတဲ့ အီရန်ရေတပ်လှေတွေကို တွေ့ရင် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပစ်သတ်ချေမှုန်းဖို့ သမ္မတဒေါ်နယ်ထရန့်က ဧပြီလ ၂၃ ရက်၊မနေ့ကအမိန့်ပေးထားလိုက်ပါတယ်။
သမ္မတထရန့်က သူရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အခုလို ကြေညာခဲ့တာဖြစ်ပြီး အီရန်ရဲ့လှေငယ်လေးတွေပဲဖြစ်ဖြစ် မိုင်းထောင်နေတာတွေ့ရင် ချက်ချင်းအရေးယူဖို့နဲ့ ဘာမှတွန့်ဆုတ်မနေဖို့ တရားဝင်ညွှန်ကြားထားတာပါ။
ဒါ့အပြင် လက်ရှိလုပ်နေတဲ့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုလည်း ရပ်တန့်တာမရှိဘဲ အရင်ကထက် သုံးဆလောက် အရှိန်မြှင့်ပြီး ဆက်လုပ်သွားဖို့ကိုပါ အမေရိကန်ရေတပ်ကို အမိန့်ပေးထားပါတယ်။
အီရန်ရဲ့ ရေတပ်သင်္ဘော ၁၅၉ စီးလုံးဟာ ပင်လယ်ရေအောက်ကို ရောက်သွားပြီလို့လည်း သမ္မတထရန့်က ပြင်းပြင်းထန်ထန် မှတ်ချက်ပြုထားပြီး အခုလို အမိန့်ပေးမှုဟာ ဝါရှင်တန်နဲ့ တီဟီရန်တို့ကြားက အပစ်ရပ်စဲရေးကို ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။
ဒီအမိန့်ဟာ အိန္ဒိယသမုဒ္ဒရာအတွင်း အီရန်ရေနံတင်ဆောင်လာတဲ့ Majestic X သင်္ဘောကို အမေရိကန်စစ်ဘက်က ကြားဖြတ်ဖမ်းဆီးခဲ့ပြီးနောက် ထွက်ပေါ်လာတာဖြစ်ပြီး ဒေသတွင်းမှာ စစ်ရေးတင်းမာမှုတွေ အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာပါတယ်။






