Border News Agency
အီရန်၊ ဧပြီ ၃၀။
အမေရိကန်နဲ့အီရန်ကြားက စစ်ပွဲဟာ နှစ်လကြာတဲ့အထိအဖြေမထွက်သေးဘဲ ဟော်မုဇ်ရေလက်ကြားမှာ အပြန်အလှန် ပိတ်ဆို့မှုတွေ လုပ်နေတာကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းတွေဟာ သီတင်းပတ်အတွင်း အမြင့်ဆုံးအထိ ထိုးတက်သွားတယ်လို့ သိရပါတယ်။
နိုင်ငံတကာ ရေနံဈေးကွက်မှာ ဘရန့်ရေနံတစည်ကို ၁၂၀ ဒေါ်လာနီးပါးအထိ ဈေးတက်သွားပြီး အမေရိကန်ရေနံစိမ်းဈေးကလည်း ၇ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာတဲ့အတွက် ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုတွေ များနေပါတယ်။
သမ္မတထရမ့်ကတော့ အီရန်ဆိပ်ကမ်းတွေကို လနဲ့ချီပြီး ဆက်လက်ပိတ်ဆို့ထားဖို့ ပြင်ဆင်နေသလို တဖက်မှာလည်း ရေနံဈေးနှုန်းဒဏ်ကို သက်သာစေဖို့အတွက် အမေရိကန်ရေနံကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။
အာရှဒေသတွင်းမှာလည်း ရေနံဈေးတက်တာကြောင့် ကုန်ဈေးနှုန်းတွေပါ လိုက်တက်လာနေပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကလည်း ဒီနှစ်အတွက် စီးပွားရေးတိုးတက်မှု ခန့်မှန်းချက်တွေကို လျှော့ချလိုက်ရတဲ့အထိ အခြေအနေ ဆိုးဝါးနေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ကလည်း OPEC ရေနံတင်ပို့သူများအဖွဲ့ကနေ နုတ်ထွက်လိုက်တာကြောင့် ရေနံဈေးကွက်အတွင်း မရေရာမှုတွေ ပိုများလာသလို အီရန်စစ်ပွဲကြောင့် အမေရိကန်စစ်တပ်ဟာလည်း အခုထိ ဒေါ်လာ ၂၅ ဘီလီယံလောက် အသုံးပြုထားရတယ်လို့ သိရပါတယ်။






