Border News Agency
လယ်ဒို၊ မေ ၃။
မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ်၊ ဧပြီလကုန်အထိ မတရားဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ အရေအတွက် ၂,၂၇၆ ဦး ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။
အဲဒီအရေအတွက်ဟာ အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင်တွေက နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အကျဉ်းသားအခွင့်အရေးချိုးဖောက်ကာ အင်အားသုံးသတ်ဖြတ်ခဲ့တဲ့ မှတ်တမ်းတင်ထားနိုင်သူတွေ ဖြစ်ပါတယ်။
အာဏာသိမ်းချိန်ကစလို့ ဒီနေ့အထိ အာဏာသိမ်းစစ်တပ်နဲ့ သူတို့ရဲ့ လက်ပါးစေတွေကြောင့် စုစုပေါင်းသေဆုံးရသူ ပြည်သူအရေအတွက်ဟာ ၈,၀၀၀ နီးပါး ရှိလာခဲ့ပြီလို့လည်း သိရပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းက ၂,၈၆၄ ဦးနဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၇၉၃ ဦးနဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
အဲဒီစုစုပေါင်း သေဆုံးသူတွေထဲမှာ အမျိုးသမီး ၂,၁၆၁ ဦးနဲ့ ကလေးငယ် ၁,၀၆၀ ဦးအထိ ပါဝင်နေတာပါ။
ဒါ့အပြင် AAPP အနေနဲ့အမည်နဲ့ အချက်အလက် အတည်ပြုဖို့ လိုအပ်နေသေးတဲ့ သေဆုံးသူ ၄,၈၀၀ ခန့်ကိုလည်း စာရင်းသီးခြားပြုစုထားတယ်လို့ သိရပါတယ်။






