Border News Agency
မဏိပူရ်၊ မေ ၆။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ ချူရာချန်ပူရ်ခရိုင်အတွင်းမှာ ဟီးရိုးအင်းလို့ ယူဆရတဲ့ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦးကို မေလ ၅ ရက်၊ မနေ့ကဖမ်းဆီးရမိခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က ထုတ်ပြန်ပါတယ်။
အဲဒီ ဘီဟီယန်းရဲစခန်းနဲ့ အမှတ် ၃၇ အာသံရိုင်ဖယ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး ဘီဟီယန်းဒေသမှာ ဝင်ရောက်စစ်ဆေးရာကနေ ဆပ်ပြာခွက် ၆၆ ခွက်ထဲ ထည့်ထားတဲ့ ဟီးရိုးအင်း မူးယစ်ဆေးဝါးတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေဟာ မြန်မာနိုင်ငံ၊ ကျီခါးရွာ မှာ နေထိုင်သူတွေဖြစ်တဲ့ အသက် ၅၆ နှစ်အရွယ် Thangsawmung၊ အသက် ၅၆ နှစ်အရွယ် Kamkhenmung၊ အသက် ၃၁ နှစ်အရွယ် Jhonmung နဲ့ အသက် ၅၅ နှစ်အရွယ် Haukhul တို့ ဖြစ်ကြပါတယ်။
အဲဒီ ဖမ်းဆီးခံရသူတွေထဲက ၂ ဦးဟာ သူတို့ကိုယ်သူတို့ အိန္ဒိယနိုင်ငံသားတွေလို့ ပြောဆိုနေကြပေမယ့် ကနဦးစစ်ဆေးချက်တွေအရ ၄ ဦးစလုံးဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။
ပြည်နယ်အတွင်းကို တရားမဝင် ဝင်ရောက်လာသူတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ ပါဝင်ပတ်သက်နေကြတယ်လို့လည်း သူက စွပ်စွဲထားပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာရဲစခန်းမှာ ထိန်းသိမ်းထားပြီး မူးယစ်ဆေးဝါး ဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့လည်းဆိုပါတယ်။






