Border News Agency
အမေရိကန်၊ မေ ၆။
အီရန်နိုင်ငံအပေါ် ဆင်နွှဲနေတဲ့ Epic Fury စစ်ဆင်ရေးရဲ့ ထိုးစစ်ဆင်တဲ့အဆင့်ဟာ ပြီးဆုံးသွားပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ပြောကြားလိုက်ပါတယ်။
ဒါဟာ တလနီးပါးကြာနေပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာစေဖို့ လုပ်ဆောင်တာလို့ ဆိုပါတယ်။
သမ္မတထရမ့်ကလည်း ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးအတွက် လုပ်ဆောင်နေတဲ့ Project Freedomစစ်ဆင်ရေးကို ခေတ္တရပ်နားထားပါတယ်။
အီရန်နဲ့ သဘောတူညီမှုရဖို့ သိသာတဲ့ တိုးတက်မှုတွေ ရှိနေတာကြောင့် အပြီးသတ်သဘောတူညီချက် ရ၊ မရ စောင့်ကြည့်ဖို့ အခုလို ရပ်နားလိုက်တာပါ။
ဒါပေမယ့် အခြေအနေတွေက စိုးရိမ်စရာ ရှိနေဆဲဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစီးကို အမည်မသိ လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုတခု မေလ ၆ ရက်၊ ဒီနေ့လည်း ဖြစ်ပွားခဲ့ပါတယ်။
တဖက်မှာလည်း အီရန်သမ္မတက အမေရိကန်ဟာတဖက်သတ်တောင်းဆိုချက်တွေနဲ့ ဖိအားပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ တရုတ်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။
တရုတ်နိုင်ငံဟာ အီရန်နဲ့ အမေရိကန်ကြား ငြိမ်းချမ်းရေးရဖို့အတွက် အဓိက ကြားဝင်စေ့စပ်ပေးမယ့် လမ်းကြောင်းတခု ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အစ္စရေးနိုင်ငံမှာတော့ လူထုစစ်တမ်းတခုအရ နိုင်ငံသား ၅၉ ရာခိုင်နှုန်းက အီရန်နဲ့စစ်ပွဲကို အခုအဆင့်မှာ ရပ်တန့်ဖို့ သဘောမတူကြသေးဘဲ စစ်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကတော့ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။






