Border News Agency
မန္တလေး၊ မေ ၉။
မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့နယ်၊ဝက်ဝံကျေးရွာအနီးမှာ မေလ ၆ ရက်၊နေ့လည်ပိုင်းက ငွေကျပ် ၂၉၂.၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၅၀၀ ပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မော်တော်ယာဉ်တွေကို စစ်ဆေးနေစဉ် ဦးသက်နဲ့မယဉ်ဝင်းမြိုင်တို့စီးလာတဲ့ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေခဲ့တာဖြစ်ပါတယ်။
အဲဒီလိုရှာဖွေရာ ဆိုင်ကယ်ခွကြားမှာတင်ဆောင်လာတဲ့ လက်ဆွဲခြင်းအတွင်းကနေ စိတ်ကြွဆေးပြားတွေနဲ့အတူ လက်ကိုင်ဖုန်း ၂ လုံးကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့တာပါ။
အဲဒီအသက် ၄၆ နှစ်အရွယ် ဦးသက်နဲ့အသက် ၄၂ နှစ်အရွယ် မယဉ်ဝင်းမြိုင်တို့နှစ်ဦးကို ပိတ်ချင်းမြောင်နယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။







