Border News Agency
ဘန်ကောက်၊ မေ ၉။
ထိုင်းနိုင်ငံအတွင်းမှာ ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ခံရသူ တဦးမှ မတွေ့ရသေးပေမယ့် ရောဂါထိန်းချုပ်ရေးဦးစီးဌာနကတော့ နိုင်ငံတကာဝင်ပေါက်တွေနဲ့ နယ်စပ်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေကို မေလ ၉ ရက်၊ဒီနေ့ကစပြီး တိုးမြှင့်လိုက်ပါတယ်။
အဲဒီ ဟန်တာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေတဲ့ တောင်အမေရိကလိုဒေသတွေကလာတဲ့ ခရီးသည်တွေနဲ့ ကုန်တင်ယာဉ်တွေကို အသေးစိတ်စစ်ဆေးဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
အာဏာပိုင်တွေဟာ ဆိပ်ကမ်းတွေမှာ ကြွက်နှိမ်နင်းရေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းတွေကို အရင်ကထက် ပိုပြီးတင်းကျပ်စွာ လုပ်ဆောင်နေပါတယ်။
ဒါ့အပြင် ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေကြတဲ့ ဝန်ထမ်းတွေအတွက်လည်း ရောဂါကာကွယ်ရေးဝတ်စုံ (PPE) တွေကို လုံလောက်အောင် ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။
အဲဒီဗိုင်းရပ်စ်ဟာ ပိုးရှိတဲ့ကြွက်တွေရဲ့ ဆီး၊ မစင်နဲ့ တံတွေးတွေကတဆင့် ကူးစက်တတ်တာဖြစ်ပေမယ့် လူတဦးနဲ့တဦးဆီကိုတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေလို လွယ်လွယ်ကူကူ မကူးစက်နိုင်ပါဘူး။
ဒါကြောင့် အများပြည်သူအနေနဲ့ ထိတ်လန့်စရာမလိုဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမွန်ထီယန်ကလည်း ထိုင်းနိုင်ငံရဲ့ အရေးပေါ်တုံ့ပြန်ရေးစနစ်ဟာ အမြဲတမ်းအသင့်ရှိနေတယ်လို့ ဆိုပါတယ်။
ပြည်ပကပြန်လာတဲ့ ခရီးသွားတွေအနေနဲ့ ကိုယ်ပူတာ၊ ကြွက်သားနာကျင်တာ ဒါမှမဟုတ် အသက်ရှူရခက်ခဲတာမျိုးဖြစ်ရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့ တိုက်တွန်းထားပါတယ်။
အဲဒီခရီးသွားရာဇဝင်ကို သေချာပြောပြဖို့နဲ့ ကျန်းမာရေးအချက်အလက်တွေကို စနစ်တကျ စိစစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ထိုင်းအစိုးရအနေနဲ့ နယ်စပ်ဝင်ပေါက်တိုင်းမှာ ရောဂါကာကွယ်ရေးအတွက် အထူးဂရုစိုက် စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။






