Border News Agency
မောတောင်၊ မေ ၁၈။
တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းကို မေလ ၁၇ ရက်၊ ညနေပိုင်းမှာ အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ တပြိုင်တည်းလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကေအဲန်ယူမြိတ် – ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း ပေါင် ၂၅၀ ဗုံးသီး ၄ လုံးကို မောတောင်မြို့၊ အကွက် ၃ ထဲသို့ ကြဲချသွားခဲ့တာလို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတကာမှာတရားဝင်မှုရဖို့ အတုအယောင်ရွေးကောက်ပွဲနဲ့ အစိုးရဖွဲ့ဖို့ကြိုးပမ်းနေပေမယ့် မြေပြင်မှာတော့အရပ်သားတွေကိုသာ ပစ်မှတ်ထားနေတယ်လို့ဆိုပါတယ်။
အဲဒီလူနေရပ်ကွက်တွေကို လေကြောင်းနဲ့ လက်နက်ကြီးတွေသုံးကာ နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ကေအဲန်ယူအနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ရုံသက်သက်ထက်ပိုမိုထိရောက်ပြီးလက်တွေ့ကျတဲ့ အရေးယူမှုတွေကို ချက်ချင်းလုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။
အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ထိရောက်တဲ့တားဆီးမှုတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာက မတားဆီးဘဲ နှုတ်ဆိတ်နေမယ်ဆိုရင် ဒါဟာ သူတို့ကိုအကြမ်းဖက်မှုတွေ ပိုမိုကျူးလွန်လာအောင် အားပေးကူညီရာ ရောက်လိမ့်မယ်လို့ သတိပေးထားပါတယ်။
ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်နိုင်ဖို့ နိုင်ငံတကာရဲ့ လက်တွေ့ကျတဲ့ဖိအားပေးမှုတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဆိုပါတယ်။
အဲဒီတနင်္သာရီတိုင်းအတွင်းမှာ အာဏာသိမ်းစစ်တပ်က နယ်မြေစိုးမိုးမှုဆုံးရှုံးနေတာကြောင့် လေကြောင်းအင်အားကိုပါ အလွန်အကျွံသုံးပြီး ပြည်သူတွေကိုခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ စစ်ရေးသတိနဲ့ နယ်မြေလုံခြုံရေး မြှင့်တင်ထားသလို ပြည်သူတွေကိုလည်း လေကြောင်းအန္တရာယ်သတိပြုကြဖို့ နှိုးဆော်ထားပါတယ်။






